Tuesday, November 13, 2012

ရန်ကုန်တွင် တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၁၂၀၀၀၀ ကျော်အား အသုတ်များခွဲကာ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များကို ဖိတ်ခေါ်၍ ပူးပေါင်းဆောက်လုပ်ရန် စီစဉ်

ရန်ကုန်တိုင်း ဒေသကြီးအတွင်း တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၁၂၀၀၀၀ ကျော်ကို အသုတ်များခွဲကာ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောက်လုပ်သွားရန် အစီအစဉ်ရှိသည်ဟု ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ သတင်းရရှိသည်။ ယင်းကဲ့သို့ ဆောက်လုပ်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ယူ၍ ပြည်တွင်းပြည်ပ ဆောက်လုပ်ရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်ကာ ပူးပေါင်းဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ရန်ကုန်တိုင်းအတွင်းမှာ တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၁၂၀၀၀၀ ကျော်လောက် ဆောက်မှာပါ။ အခု မြို့တော်စည်ပင်က ဒဂုံမြို့သစ်မြောက်ပိုင်း (၄၈) ရပ်ကွက်မှာ အခန်းပေါင်း ၅၀၀၀ ကျော်လောက် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေနဲ့ စီမံကိန်းက ပထမခြေလှမ်းပါ။ နောက်ပိုင်း အသုတ်တွေခွဲပြီး ထပ်လုပ်သွားဖို့ ရှိပါတယ်။ အဲဒီအသုတ်တွေမှာလည်း
ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေနဲ့ ဖိတ်ခေါ်ပြီး စည်ပင်ပိုင်မြေတွေပေါ်မှာ လုပ်မယ့်သဘောပါ” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ပြောပြခဲ့သည်။
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့်လည်း နိုင်ငံတစ်ဝန်း ၂၀၁၃ ခုနှစ်မှ စတင်၍ ၂၀၂၈ ခုနှစ် အတွင်း အိမ်ခန်းယူနစ်ပေါင်း တစ်သန်း ဆောက်လုပ်သွားမည့် စီမံကိန်း၏ ရှေ့ပြေးစီမံကိန်းအဖြစ် စမ်းသပ်တန်ဖိုးနည်းအိမ်ရာ စီမံကိန်းခြောက်ခု (အခန်းအရေအတွက် ၂၀၀၀၀ ခန့်အား) ရန်ကုန်မြို့တွင် ၂၀၁၃ ခုနှစ်မှ စတင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေး မှူးဒေါ်မြင့်မြင့်မူ၏ ပြောကြားချက်အရ သိရှိရသည်။
အဆိုပါ အိမ်ရာများအတွက် စီမံကိန်းကာလနှင့် တည်ဆောက်ခြင်းကာလအား သုံးနှစ်သတ်မှတ်ထားပြီး ၁၀နှစ်၊ နှစ်၂၀၊ နှစ် ၃၀ အထိ အရစ်ကျစနစ်ဖြင့် ဘဏ်များနှင့် ချိတ်ဆက်၍ ငွေပေးသွင်းစေမည်ဖြစ်ကာ လစဉ်ဝင်ငွေ ၈၈၀၀၀ ရရှိနေသူ၏ လစာဝင်ငွေ ၃၀ ရာခိုင်နှုန်းအပေါ် အခြေပြု တွက်ချက်ထားကြောင်းလည်း သိရှိရသည်။
ရန်ကုန်မြို့တော် အခြေခံလူတန်းစားမှာ အိမ်ပိုင်မရှိသူ များပြားသည့်အတွက်  အခြေခံလူတန်းစား များဝယ်ယူနေထိုင်နိုင်သည့် တန်ဖိုးနည်းအိမ်ရာများ လိုအပ်မည်ဖြစ်ပြီး  အစိုးရမှ ငွေကြေးထောက်ပံ့မှုများပြု လုပ်ပေးရန် လိုအပ်ကြောင်း၊ နိုင်ငံတကာတွင် ပြည်သူများ၏ ၀င်ငွေပမာဏနှင့် လျော်ညီသောအိမ်ရာအား သက်ဆိုင်ရာ အစိုးရ၊ ၀န်ကြီးဌာန၊ မြို့အာဏာပိုင်များက ဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်း အကောင်အထည်ဖော်၍ အရစ်ကျရောင်းချပေးပြီး ထိုသို့ အရစ်ကျရောင်းချနိုင်ရန်အတွက် အတိုးနှုန်း သက်သာသော နှစ်ရှည်ချေးငွေကို ဆောက်လုပ်ရေးလုပ်ငန်းရှင်မှ ရယူခြင်းဖြစ်ကြောင်း သိရသည်။

တန်ဖိုးနည်းအိမ်ရာတွေ ဆောက်ဖို့အတွက် မြေယာများရှာဖွေဖော်ထုတ်ပြီး နိုင်ငံတော်အစိုးရ၏ မတည်ငွေဖြင့် တိုက်ရိုက်သော်လည်းကောင်း၊ အိမ်ရာစီမံကိန်းနှင့် ဘဏ္ဍာရေးစနစ်ချမှတ်၍ အတိုးနှုန်းသက် သာသော နှစ်ရှည်ချေးငွေကို ဆောက်လုပ်ရေးလုပ်ငန်းရှင်များရယူကာ ဆောက်လုပ်ပေးသည့် နည်းလမ်းတွေကို လုပ်ပေးနိုင်ရင် အဆင်ပြေမှာ ဖြစ်ပါတယ်  .   .   .

“တန်ဖိုးနည်းအိမ်ရာဆိုတော့ အဆောက်အအုံရဲ့ အရည်အသွေးကို  လျှော့ပြီးဆောက်မှာလား မေးကြတာတွေ ရှိပါတယ်။ မဟုတ်ပါဘူး။
ကျွန်တော်တို့အနေနဲ့ အဆောက်အအုံရဲ့ အရည်အသွေးကို လျှော့ချပြီး ဆောက်မှာမဟုတ်ပါဘူး။ အိမ်ခန်းမှာ အခန်းလုံးပြည့် ပါကေးခင်းပေးတာမျိုးတွေ၊ တံခါးတွေ ကျဉ်းပေါင်တွေမှာ တန်ဖိုးအရမ်းမြင့်တဲ့ သစ်တွေ သုံးတာမျိုးတွေစတဲ့ ကုန်ကျစရိတ်တွေ လျှော့ချထားတဲ့ တန်ဖိုးနည်းအိမ်ရာပါ။ ကျွန်တော်တို့ဆောက်မယ့် တန်ဖိုးနည်းအိမ်ရာတွေကို  အဆောက်အအုံ ဆောက်တဲ့အခါမှာ လိုက်နာရမယ့် စံချိန်စံညွှန်း အရည်အသွေး အပြည့်အ၀ ဆောက်လုပ်မှာပါ” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းဇော်က ပြောကြားခဲ့သည်။
“တန်ဖိုးနည်းအိမ်ရာတွေ ဆောက်ဖို့အတွက် မြေယာများ ရှာဖွေဖော်ထုတ်ပြီး နိုင်ငံတော်အစိုးရရဲ့ မတည်ငွေနဲ့ တိုက်ရိုက်သော်လည်းကောင်း၊ အိမ်ရာစီမံကိန်းနဲ့ ဘဏ္ဍာရေးစနစ်ချမှတ်၍ အတိုးနှုန်းသက်သာတဲ့ နှစ်ရှည်ချေးငွေကို ဆောက်လုပ်ရေး လုပ်ငန်းရှင်များရယူကာ ဆောက်လုပ်ပေးတဲ့ နည်းလမ်းတွေကို လုပ်ပေး နိုင်ရင် အဆင်ပြေမှာ ဖြစ်ပါတယ်” ဟု ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက် နေ့တွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားခဲ့သည်။
“လစဉ်ပုံမှန်ဝင်ငွေရှိနေတဲ့ သူတွေအဖို့တော့ တန်ဖိုးနည်းအိမ်ရာတွေကို အရစ်ကျနှစ်ရှည် ရောင်းပေး ရင်တော့ ၀မ်းသာမိမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ပိုင်မရှိတဲ့သူအဖို့ အိမ်ငှားနေရတဲ့စရိတ်ကြီးသလို အိမ် ခဏခဏ ပြောင်းရတဲ့ဒုက္ခလည်း ရှိနေပါတယ်။ ဒါပေမဲ့ အခုဆောက်ဖို့လုပ်နေတဲ့ တန်ဖိုးနည်းအိမ်ရာတွေက ဒဂုံဆိပ်ကမ်းတို့၊ မြောက်ဒဂုံတို့ ဘာတို့ဘက်ဖြစ်နေတော့ အလုပ်နဲ့က သိပ်အဆင်မပြေဘူး ဖြစ်နေတယ်။ မြို့ထဲနဲ့ သိပ်မဝေးတဲ့နေရာမှာဆိုရင်တော့ အဆင်ပြေနိုင်တယ်” ဟု ရန်ကုန်မြို့ တာမွေမြို့နယ်တွင် တိုက် ခန်းငှားရမ်းနေထိုင်သူ ကိုမျိုးကျော်က ပြောပြခဲ့သည်။
ရန်ကုန်မြို့တော်တွင် နှစ်စဉ် အိမ်ထောင်စုဦးရေ ၂၆၀၀၀ ခန့် တိုးပွားလျက်ရှိပြီး လက်ရှိအိမ်ထောင်စု ဦးရေ ၁ ဒသမ ၀၅ သန်း ခန့်ရှိသည်ဟု သိရသည်။

Eleven Media Group

No comments:

Post a Comment