မိုဘိုင်းဖုန်းများအချင်းချင်း ငွေလွှဲပြောင်းပေးပို့ခြင်းစနစ်အား
အသုံးပြုနိုင်သည့်အတွက် ဖုန်းတစ်လုံးမှ အခြားဖုန်းတစ်လုံးသို့
ငွေလွှဲပြောင်းပေးပို့ရာတွင် လိုင်းဆွဲအားမိသော နေရာများတွင်သာ ပြုလုပ်သင့်ကြောင်း
သိရသည်။
မိုဘိုင်းဖုန်းများအချင်းချင်း ငွေလွှဲပြောင်းပေးပို့ခြင်းများ ပြုလုပ်ရာ၌
လိုင်းဆွဲအားနည်းသော နေရာများတွင် ပြုလုပ်ပါက မိမိလွှဲပြောင်းပေးပို့သော
အခြားဖုန်းတစ်လုံးသို့ ငွေရောက်ရှိနိုင်ရန်အတွက် အခက်အခဲရှိနိုင်ပြီး နောက်တစ်ကြိမ်
ပြန်လည်ပြုလုပ်ရခြင်းများ ရှိနိုင်သည့်အပြင် လုပ်ဆောင်ချက်များ လွဲချော်ခဲ့ပါကလည်း
ငွေဖြည့်ကတ်
ပြန်လည်အသုံးပြုနိုင်ရန်အတွက် အခက်အခဲရှိနိုင်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ ငွေလွှဲပြောင်း အသုံးပြုသူတစ်ဦးမှ ပြောပြရာတွင် “ကျွန်တော် GSM
ဖုန်းကနေပြီး အခြားဖုန်းတစ်လုံးကို ငွေလွှဲလွှဲပေးပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ
လွှဲတဲ့အခါ အခက်အခဲအချို့ ရှိပါတယ်။ အဲဒါကတော့ MMI Code Error ဆိုပြီးပြောပါတယ်။
လိုင်းဆွဲအား အဆင်မပြေတဲ့အတွက် လုပ်ဆောင်ချက်မအောင်မြင်တဲ့ အခြေအနေမျိုး
ဖြစ်တတ်ပါတယ်။ အဲဒီလို အခြေအနေမျိုး ဖြစ်လာခဲ့ရင်တော့ နောက်တစ်ကြိမ်
ပြန်ပြီးလုပ်ရပါတယ်။ ငွေဖြည့်ကတ်ကတော့ ငွေမရောက်သေးတဲ့အတွက်လားမသိပါဘူး
အသုံးပြုလို့ ရနေပါသေးတယ်။ ဒါပေမဲ့ တစ်ခါတော့ ငွေဖြည့်ကတ် ပျက်သွားဖူးပါတယ်။
ကျွန်တော့်ဖုန်းထဲလည်း မရောက်ဘူး။ လွှဲပေးတဲ့ဖုန်းထဲကိုလည်း မရောက်ဘဲ
အသုံးပြုပြီးကတ်ဖြစ်သွားတယ်လို့ ပြောပါတယ်။ ဒါကလည်း ကျွန်တော်လွှဲပေးဖို့
လုပ်တဲ့နေရာမှာ လွဲချော်မှုတစ်ခုခုဖြစ်ခဲ့လို့လည်း ဖြစ်နိုင်ပါတယ်” ဟုပြောသည်။
အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက
ပြောပြရာတွင်လည်း “ဖုန်းတွေထဲမှာရှိတဲ့ လက်ကျန်ငွေ စစ်တဲ့အချိန်တွေမှာဆိုရင်လည်း
လိုင်းဆွဲအားနည်းတဲ့နေရာတွေမှာ ငွေစစ်မိတယ်ဆိုရင် ငွေစစ်တဲ့သူကနေပို့လိုက်တဲ့ Code
နံပါတ်အတွက် ငွေဘယ်လောက်ကျန်ပါတယ်ဆိုတဲ့ Message ကို ပြန်ပို့ပေးနိုင်ဖို့အတွက်
လိုင်းအားကအရမ်းနည်းနေရင် အဲဒီစာက ငွေစစ်သူဆီကို ပြန်ရောက်နိုင်ဖို့
ခက်ခဲတာမျိုးဖြစ်တတ်ပါတယ်။ ငွေလွှဲပြောင်းပေးပို့ခြင်း ကိစ္စမှာလည်း ခုလိုပဲ
လိုင်းဆွဲအားနည်းတဲ့ နေရာမှာဆိုရင် Code နံပါတ်တွေ ရောက်ရှိနိုင်ဖို့အတွက်
လိုင်းဆွဲအားက အခက်အခဲရှိနေရင် ပြန်လုပ်ရတာမျိုး ရှိနိုင်မှာပါ။ ငွေဖြည့်ကတ်ကတော့
ပျက်မသွားနိုင်ပါဘူး။ ဖြည့်သွင်းတဲ့ Code နံပါတ်တွေအတွက် လိုင်းဆွဲအားက
မလုံလောက်လို့ လုပ်ဆောင်ချက် မအောင်မြင်ခဲ့ဘူးဆိုရင်တောင် နောက်တစ်ကြိမ်
ပြန်လုပ်နိုင်ပါတယ်” ဟုပြောသည်။ ကြိုတင်ငွေဖြည့်ကတ်များအား ဖုန်းတစ်လုံးမှ
အခြားဖုန်းတစ်လုံးသို့ ငွေလွှဲပြောင်းပေးပို့ရာ၌ လိုင်းဆွဲအားအပြင်
ဖြည့်သွင်းသည့်နံပါတ်များနှင့် မိမိလွှဲပြောင်းပေးပို့လိုသော ဖုန်းနံပါတ်များကိုလည်း
ဂရုစိုက်ကာ ဖြည့်သွင်းသင့်ပြီး လုပ်ဆောင်ချက်များအတွင်း ဖုန်းနံပါတ်
မှားယွင်းဖြည့်သွင်းမိခြင်းရှိခဲ့ပါက ငွေဖြည့်ကတ်အား ပြန်လည်အသုံးပြု၍
ရနိုင်မည်မဟုတ်ကြောင်း သိရသည်။
ရေးသားသူ -ကိုသက်
Internet Journal
No comments:
Post a Comment