မြန်မာနိုင်ငံတွင် ခရီးသွားအရင်းအမြစ် အပြည့်အစုံရှိခြင်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း ( Eco-Tourism )ဖွံ့ဖြိုးလာမှုကြောင့် လာမည့် ၂၀၁၃ ခုနှစ်တွင် ခရီးသွားဧည့်သည်ကိုးသိန်းကျော်ဝင်ရောက်ရန် မျှော်မှန်းထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သုံးသပ်သည်။
“ခရီးသွား ကိုးသိန်း ၂၀၁၃ မှာ ဖြစ်လာနိုင်ပါတယ်။ ပိုရင်တောင်ပိုသွားလိမ့်မယ်။ ကိုးသိန်းက မကြာခင် ဖြစ်လာမှာပါ။ ၂၀၁၃ မှာ ကိုးသိန်းဖြစ်လာရင် ၂၀၁၄ မှာ ၁ ဒသမ ၄ မီလီယံဖြစ်လာမှာပါ။ ၁၅ ရာခိုင်နှုန်း တိုးတက်မှုနဲ့သွားရင် ဒီအတိုင်းဖြစ်လာမှာပါ” ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က အောက်တိုဘာ ၂၉ ရက်တွင် ပြုလုပ်ခဲ့သော သဘာဝအခြေခံ ခရီးသွားလုပ်ငန်းသင်တန်းဆင်းပွဲ၌
ပြောကြားခဲ့ကြောင်း အောက်တိုဘာ ၃၀ ထုတ် နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြခဲ့သည်။
ခရီးသွားနှင့် ပတ်သက်သည့် အရင်းအမြစ်များရှိခြင်းကြောင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းများအနေဖြင့် ပွင့်လင်းရာသီတွင် ထိုကဲ့သို့သော ခရီးသွားဧည့်သည်များ ပိုမိုလာရောက်ကြောင်း၊ အရေးပေါ်အခြေအနေများမရှိပါက မျှော်မှန်းသည့်အတိုင်း ဖြစ်လာနိုင်ကြောင်း သုံးသပ်သည်။
“Eco-Tourism, Natural Base Tourism မှာ ဒီလို Tour တွေက အခု ပွင့်လင်းရာသီမှာ စ၀င်လာပြီ။ ဥပမာ ဖိုးကျားဆင်စခန်းကတစ်ခုပေါ့။ ပြည်ထောင်စုဝန်ကြီး မှန်းထားတဲ့အတိုင်း ဖြစ်လာနိုင်ပါတယ်။ ဒီနှစ်မှာဆို ရာခိုင်နှုန်းအနေနဲ့ ၅၀ ရာခိုင်နှုန်း တက်လာတယ်။ အရေအတွက်နဲ့ဆို ဧည့်သည်အ၀င်က ခြောက်သိန်းကျော်ရှိတယ်” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးကျော်ထွန်းက ပြောသည်။
သဘာဝအခြေခံ ခရီးသွား ရာသီစတင်ချိန်တွင် သဘာဝပတ်ဝန်းကျင်ကို လေ့လာလိုသူများ၊ မြန်မာနိုင်ငံတွင်းရှိ ငှက်မျိုးစိတ်ကြည့်လိုသူများ၊ သစ်ပင်မျိုးရင်း စိတ်ဝင်စားသူများနှင့် လိပ်ပြာကြည့်ရှုလိုသူများ လာရောက်ကြကြောင်း၊ အများစုမှာ အနောက်နိုင်ငံသားများဖြစ်ကြောင်း၊ ရုရှား လူမျိုးများလည်း ပါဝင်ကြောင်း ၎င်းကပင် ဆိုသည်။
ဝင်ရောက်လာသော ဧည့်သည်များအား ပုံရိပ်ကောင်းကောင်းဖြင့် အကောင်းဆုံး ၀န်ဆောင်မှုပေးရန်လိုအပ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများ နှင့်ယှဉ်လျှင် မြန်မာနိုင်ငံ၏ ခရီးသွားဝင်ရောက်မှုမှာ နည်းပါးနေသေးကြောင်း၊ နိုင်ငံခြားသားခရီးသွားဧည့်သည် ၀င်ရောက်မှုတွင် လေကြောင်း လိုင်းများသည်လည်း အဓိက အခန်းကဏ္ဍမှပါဝင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ခိုင်ချို
7Day News
No comments:
Post a Comment