မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာနှစ်အရ ၂.၈၂ရာခိုင်နှုန်းသာရှိနေကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဋ္ဌာန ပြည်ထောင်စုဒုတိယ၀န်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက နိုဝင်ဘာလ ၅ရက်နေ့တွင် ပြောကြားခဲ့ပါသည်။မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ဘဏ်တိုးနှုန်းမှာ ၁၀ရာခိုင်နှုန်းဖြစ်ပြီး အပ်ငွေအပေါ် အတိုးနှုန်း ၈ရာခိုင်နှုန်းနှင့် ချေးငွေအပေါ် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံအတွင်း
ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအား စောင့်ဆိုင်းနေသည့် ပြည်ပလုပ်ငန်းရှင်များအတွက် ယခုရက်ပိုင်းအတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဥပဒေကြမ်းအား အတည်ပြုပေးခဲ့ခြင်းကြောင့် လက်ရှိကာလတွင် ပြည်ပရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့်မြန်မာနိုင်ငံ၏ လုပ်ငန်းကဏ္ဍ အသီးသီးတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ပြင်ဆင်လာကြောင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
ထိုသို့ လုပ်ငန်းရှင်များ ၀င်ရောက်လာ၍ ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြိုင်ဆိုင်ရာတွင် မြန်မာနိုင်ငံအတွင်း လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးအရ ပြိုင်ဆိုင်မှုတွင် အခက်မကြုံစေရန် ဘဏ်တိုးနှုန်းအား လျော့ချပေးသင့်ကြောင်း စက်မှုကုန်ထုတ်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များက ပြောကြားခဲ့ပါသည်။အလားတူပင် မြန်မာနိုင်ငံသည် ဘဏ်တိုးနှုန်း မြင့်မားသဖြင့် စင်ကာပူ၊ ထိုင်းစသည့် နိုင်ငံများမှာ လုပ်ငန်းရှင်များအနေဖြင့် ယင်းတို့၏ သက်ဆိုင်ရာနိုင်ငံမှ ငွေများချေးယူ၍ မြန်မာနိုင်ငံဘဏ်များတွင် အပ်နှံကာ ဘဏ်တိုးနှုန်းအား အမြတ်အစွန်းယူ ဈေးကစားမှုများ ပြုလုပ်လေ့ရှိကြောင်းလည်း သိရှိရပါသည်။
''မြန်မာနိုင်ငံထက် ဘဏ်တိုး နှုန်းနိမ့်တဲ့ နိုင်ငံကလာတဲ့ လုပ်ငန်းရှင်တွေဆိုရင် သူ့နိုင်ငံကနေ ငွေချေးပြီး မြန်မာနိုင်ငံမှာ ငွေအပ်၊ ပြီးရင် နိုင်ငံ ၂ခုကြားက ကွာခြားချက်ဖြစ်တဲ့ ဘဏ်တိုးနှုန်းနဲ့ ထိုင်စားပြီး အမြတ်ထုတ်ကြတယ်။ ဒီလို ဖြစ်နေတာက မြန်မာနိုင်ငံ ဒီမိုကရေစီ မရခင်ကတည်းကဆိုတော့ အခုဆို ၁၀နှစ်၊ ၁၅နှစ်လောက် ရှိနေပြီ။ မြန်မာနိုင်ငံရဲ့ ဘဏ်တိုးနှုန်းက အိမ်နီးချင်းနိုင်ငံတွေထက် မြင့်နေတာပဲ။ အတိုးနှုန်းကို ရဲရဲဝံ့ဝံ့ချပေါ့။ ဘာလို့ တခြားနိုင်ငံသားကို ပေးစားမလည်း'' ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဋ္ဌာန အကြံပေး-၂ ဦးသန်းလွင်က ပြောကြားခဲ့ပါသည်။
ထိုသို့ ဘဏ်အပ်ငွေအတိုးနှုန်းအပေါ် အမြတ်ထုတ်နိုင်ခြင်း၊ မြန်မာနိုင်ငံအတွင်း လုပ်ငန်းများ လာရောက်မြှုပ်နှံစဉ် မြန်မာလုပ်ငန်းရှင်များ ရရှိမထားသည့် ကာလရှည် အခွန်ကင်းလွတ်ခွင့် ရရှိထားခြင်း၊ အခြေခံအဆောက်အအုံများနှင့် ကုန်ထုတ်လုပ်မှုအပိုင်းတွင် အသာစီးရနေသည့်အပြင် ပြည်ပလုပ်ငန်းရှင်များ၏ ထုတ်ကုန်မှာ နိုင်ငံတကာဈေးကွက်တွင် ထိုးဖောက်နိုင်ခြင်းစသည့် ပြည်ပလုပ်ငန်းရှင်များ၏ အားသာချက်များမှာ မြန်မာနိုင်ငံရှိ စက်မှုကုန်ထုတ်လုပ်ငန်းများ ပြိုလဲစေနိုင်သည့် အားသာချက် ဖြစ်လာနိုင်ကြောင်းလည်း ဘဏ်လုပ်ငန်း ဆိုင်ရာအကြံပေးပညာရှင်များက ပြောပါသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအရ ကောင်းမွန်သည့် စီးပွားရေးပြောင်းလဲမှု ဖြစ်နေသော်လည်း အဓိကအကျဆုံးဖြစ်သည့် ငွေလဲနှုန်းတည်ငြိမ်မှု၊ စီးပွားရေးဖွံ့ဖြိုးစေရန် စီမံခန့်ခွဲမှုများမှာ အားနည်းချက်များ ရှိနေသကဲ့သို့ နိုင်ငံ၏ စီးပွားရေးအား ထိန်းကျောင်းနိုင်ရေးအတွက် ငွေကြေးမူ ၀ါဒများ ချမှတ်ရာတွင် အတိုးနှုန်း ပြောင်းလဲခြင်း၊ ငွေချေးစာချုပ်များ ရောင်းချခြင်း၊ ပြည်တွင်းစုပေါင်း ချေးငွေပမာဏ ထိန်းချုပ်ခြင်း၊ နိုင်ငံခြားငွေလဲနှုန်း ထိန်းကျောင်းခြင်း စသည့်လုပ်ငန်းစဉ်များ လုပ်ကိုင်ရာတွင် ဗဟိုဘဏ်မှာ လွတ်လပ်စွာ စီမံခန့်ခွဲ ပိုင်ခွင့်များ ရရှိစေရန် အရေးကြီးကြောင်း စီးပွားရေးတက္ကသိုလ်မှ အငြိမ်းစားပါမောက္ခ ဒေါ်ရီရီမြင့်က သုံးသပ်ပြောကြားခဲ့ပါသည်။
လက်ရှိအစိုးရလက်ထပ်တွင် အပ်ငွေအပေါ် အတိုးနှုန်းနှင့် ချေးငွေအပေါ် အတိုးနှုန်းအား ၂၀၁၁ခုနှစ် စက်တင်ဘာလ တစ်ရက်နေ့တွင် တစ်ကြိမ်နှင့် ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့တွင် တစ်ကြိမ်၊ နှစ်ကြိမ် လျော့ချပေးခဲ့ကြောင်းလည်း သိရှိရပါ သည်။ဘဏ်တိုးနှုန်းအား ပြောင်းလဲခြင်း ပြုလုပ်လေ့ရှိသည့် ကာလများမှာ ငွေဖောင်းပွမှု လျော့ကျချိန်နှင့် စီးပွားရေးကျဆင်းနေချိန်တွင် စီးပွားရေး ပြန်လည်မြှင့်တင်နိုင်ရန် အတိုးနှုန်း လျော့ချလေ့ရှိပြီး၊ စီးပွားရေး အရှိန်မြင့်နေချိန်နှင့် ငွေကြေးဖောင်းပွမှု မြင့်မားနေချိန်တွင် အတိုးနှုန်းမြှင့်တင်လေ့ရှိပြီး ထိုသို့ အတိုးနှုန်း ပြောင်းလဲမှုသည် ရင်းနှီးမြှုပ်နှံမှု၊ အလုပ်အကိုင်ရရှိမှု၊ အမျိုးသားဝင်ငွေအပေါ် များစွာအကျိုးသက်ရောက်မှု စသည့် ပြောင်းလဲမှုများ ရှိနေကြောင်းလည်း သိရှိရပါသည်။
''၂၀၁၀-၂၀၁၁ ဘဏ္ဍာရေး နှစ်မှာ ငွေဖောင်းပွမှုနှုန်းက ၈ ရာခိုင်နှုန်းကျော် ရှိခဲ့တယ်။ အခု ငွေဖောင်းပွမှုနှုန်းက ၃ရာခိုင်နှုန်းဝန်းကျင်ဆိုရင် အတိုးနှုန်း ချသင့်နေပါပြီ။ လက်ရှိအတိုးနှုန်းကို ငွေဖောင်းပွမှု ထက်မကျော်စေဘဲ ထပ်လျော့သင့်ပါတယ်။ အပ်ငွေအတိုးကို ၆ ရာခိုင်နှုန်းနဲ့ ချေးငွေအတိုးကို ၁၁ရာခိုင်နှုန်းလောက်အထိ ပြင်ဆင် သင့်တယ်'' ဟု အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီအဖွဲ့ဝင် ဘဏ်လုပ်ငန်း ပညာရှင်တစ်ဦးက သုံးသပ် ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ငွေဖောင်းပွမှုနှုန်းမှာ ၅ရာခိုင်နှုန်းဝန်းကျင်ခန့် ရှိနေပြီး လက်ရှိကာလတွင် အတိုး နှုန်းလျော့ချရန် မဖြစ်နိုင်သေးကြောင်းအား မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း (လက်ရှိ။ ။ရသုံးမှန်းခြေငွေစာရင်းဋ္ဌာန-ညွှန်ကြားရေးမှုးချုပ် ) က စက်တင်ဘာလအတွင်း ကျင်းပခဲ့သည့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ပါသည်။
ထိုသို့ ငွေဖောင်းပွမှုနှုန်းများ မြင့်မားနေသဖြင့် အတိုးနှုန်းလျော့ချရန် မဖြစ်နိုင်ဟု ဆိုသော်လည်း ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် အာဆီယံအတွင်း ထုတ်ကုန်ဈေးကွက် ယှဉ်ပြိုင်နိုင်ရန် ချေးငွေအပေါ် အတိုးနှုန်းအား လက်ရှိ ၁၃ရာခိုင် နှုန်းမှ ၈.၅ရာခိုင်နှုန်းအထိ လျော့ချပေးရန် ပြင်ဆင်နေကြောင်းလည်း စက်မှုဝန်ကြီးဋ္ဌာန အသေးစားနှင့် အလတ်စား စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဋ္ဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်အေးအေးဝင်းက ပြောကြားခဲ့ပါသည်။
ကမ္တာ့နိုင်ငံအချို့နှင့် မြန်မာနိုင်ငံ၏ အတိုးနှုန်း နှိုင်းယှဉ်ချက်
| နိုင်ငံ | ဗဟိုဘဏ်/ငွေကြေးအာဏာပိုင် | အပ်ငွေအတိုးနှုန်း(%) | ချေးငွေအတိုးနှုန်း |
| အဖွဲ့၏ အတိုးနှုန်း(%) | |||
| မလေးရှား | ၃. | ၂.၉၇ | ၄.၇၇ |
| စင်ကာပူ | ၀.၁၇ | ၀.၁၄ | ၅.၃၈ |
| ဖိလစ်ပိုင် | ၄. | ၃.၀၇ | ၅.၉၅ |
| ထိုင်း | ၃ | ၂.၆၃ | ၇.၁၃ |
| အင်ဒိုနီးရှား | ၅.၇၅ | ၅.၈၉ | ၁၁.၇၈ |
| ဗီယက်နမ် | ၁၃. | ၁၂. | ၁၄.၇ |
| ကမ္တောဒီးယား | ၅.၂၅ | ၆.၁ | ၁၇. |
| လာအို | ၅. | ၃. | ၂၂. |
| ကိုရီးယား | ၁.၅ | ၄.၀၁ | ၅.၇၁ |
| တရုတ် | ၆. | ၃. | ၆. |
| ဂျပန် | ၀.၃ | ၀.၄၉ | ၁.၄၂ |
| ဘင်္ဂလားဒေရှ့် | ၅. | ၁၀.၀၃ | ၁၃. |
| အိန္ဒိယ | ၉. | ၈.၀၀-၉.၂၅ | ၁၀.၀၀-၁၀.၅၀ |
| အမေရိကန် | ၀.၁၂၅ | - | ၃.၂၅ |
| ဗြိတိန် | ၀.၅ | - | ၀.၅ |
| ဥရောပဗဟိုဘဏ် | ၀.၇၅ | ၀. | ၁.၅ |
| ရုရှား | ၈. | ၅.၂ | ၈.၉ |
| မြန်မာ | ၁၀. | ၈%ထက်မနည်း | ၁၃%ထက်မများ |
| ကာလ | ဗဟိုဘဏ်အတိုးနှုန်း | အပ်ငွေအပေါ်အတိုးနှုန်း | ချေးငွေအပေါ်အတိုးနှုန်း |
| ၁.၉.၁၉၈၉ | ၁၁.၀၀% | ၈%ထက်မနည်း | ၁၇%ထက်မများ |
| ၁.၁.၁၉၉၅ | ၁၂.၅၀% | ၁၀.၀၀% | ၁၆.၅၀% |
| ၁.၄.၁၉၉၆ | ၁၅.၀၀% | ၁၂%ထက်မနည်း | ၂၁%ထက်မများ |
| ၁.၄.၁၉၉၉ | ၁၂.၀၀% | ၁၂%ထက်မများ | ၁၇%ထက်မများ |
| ၁.၄.၂၀၀၀ | ၁၀.၀၀% | ၁၀%ထက်မများ | ၁၅%ထက်မများ |
| ၁.၄.၂၀၀၆ | ၁၂.၀၀% | ၁၂%ထက်မများ | ၁၇%ထက်မများ |
| ၁.၉.၂၀၁၁ | ၁၂.၀၀% | ၁၀%ထက်မနည်း | ၁၅%ထက်မများ |
| ၁.၁.၂၁၀၁၂ | ၁၀.၀၀% | ၈%ထက်မနည်း | ၁၃%ထက်မများ |
ဇာစ်မြစ်။ ။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်
Eleven Media Group

No comments:
Post a Comment