Tuesday, November 13, 2012

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်၌ပြုလုပ်မည့် (၂၁)ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲသို့ သမ္မတဦးသိန်းစိန်အပါအ၀င် အမေရိကန်သမ္မတနှင့် အီးယူ၊ ရုရှား၊ တရုတ်၊ အရှေ့အာရှမှ ထိပ်တန်းခေါင်းဆောင်များလည်း တက်ရောက်မည်

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ပြုလုပ်မည့် (၂၁)ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန် တက်ရောက်မည်ဖြစ်သည်။
အဆိုပါ ထိပ်သီးဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၂၀ ရက် နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ Peace Palace  အဆောက်အအုံတွင် ပြုလုပ်မည်ဖြစ်သည်။ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတအိုဘားမား လာရောက်မည်ဖြစ်သောကြောင့် နိုင်ငံတော်သမ္မတအနေဖြင့် မည်သည့်နေ့ ရက်တွင် အာဆီယံထိပ်သီးဆွေးနွေးပွဲသို့ သွားရောက်မည်ဖြစ်ကြောင်းကို မသိရသေးပေ။
''အာဆီယံထိပ်သီးဆွေးနွေးပွဲကို နိုင်ငံတော်သမ္မတ တက်ရောက်မှာပါ။ ဘယ်နေ့မှာ ထွက်ခွာမလဲဆိုတာကိုတော့ နီးမှပဲ ထုတ်ပြန်သွားပါမယ်''ဟု နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။
(၂၁)ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲကို
နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး နိုဝင်ဘာလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့များတွင် အာဆီယံနိုင်ငံများမှ အဆင့်မြင့်အရာရှိများ၏ အစည်းအဝေးအကြိုပြင်ဆင်မှု အစည်းအဝေးများ ပြုလုပ်မည်ဖြစ်ပါသည်။ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးကို ပြုလုပ်ရန်စီစဉ်ထားကာ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အာဆီယံနိုင်ငံများမှ ထိပ်တန်းခေါင်းဆောင်များတက်ရောက်မည့် အာဆီယံထိပ်သီးဆွေးနွေးပွဲကို ပြုလုပ်မည်ဟု ကနဦးအစီအစဉ်များအရ သိရှိရသည်။
နိုဝင်ဘာလ ၂၀ ရက်နေ့တွင်မူ အရှေ့အာရှစီးပွားရေးဆိုင်ရာ ထိပ်သီး ဆွေးနွေးပွဲကို ပြုလုပ်ရန် စီစဉ်ထားပြီး  အဆိုပါဆွေးနွေးပွဲသို့ အမေရိကန်သမ္မတ ဘာရတ်အိုဘားမား အပါအ၀င် အရှေ့အာရှနိုင်ငံများမှ ထိပ်တန်းခေါင်းဆောင်များ တက်ရောက်မည် ဖြစ်ပါသည်။ အိုဘားမားသည် ၂၀၀၉ ခုနှစ်အတွင်းက စင်ကာပူနိုင်ငံ၌ ပြုလုပ်ခဲ့သော အာရှပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးသို့ တက်ရောက်ခဲ့သည့်အပြင် ၂၀၁၁ ခုနှစ်အတွင်းက အင်ဒိုနီးရှားနိုင်ငံ ဘာလီ၌ ပြုလုပ်ခဲ့သော အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲသို့လည်း တက်ရောက် ခဲ့ပါသည်။
(၂၁)ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲများသို့ အာဆီယံနိုင်ငံများမှ ထိပ်တန်းခေါင်းဆောင်များ၊ အမေရိကန်သမ္မတ ဘာရတ်အိုဘားမား၊ အီးယူအပါအ၀င် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ သြ စတြေးလျနှင့် နယူးဇီလန်အစရှိသော သမ္မတ၊ ၀န်ကြီးချုပ်အစရှိသော နိုင်ငံများမှ ထိပ်တန်းခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သည်။
ယခုပြုလုပ်မည့် ဆွေးနွေးပွဲ၌ ၂၀၁၅ခုနှစ် အာဆီယံစီးပွားရေး အသိုက်အ၀န်း၊တောင်တရုတ်ပင်လယ် အရေး အစရှိသော ပုံမှန်ဆွေးနွေးနေကျကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးကြမည့်အပြင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သော ရခိုင်ပဋိပက္ခကိုအခြေပြုပြီး ရိုဟင်ဂျာအရေးကိစ္စကိုလည်း အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ် ဦးဆောင်ပြီး ထည့်သွင်းဆွေးနွေးဖွယ်ရှိပါသည်။ အထူးသဖြင့် ယခုဆွေးနွေးပွဲ၌ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထားဆွေးနွေးဖွယ်ရှိကြောင်း သုံးသပ်မှုများရှိနေသည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၂၀၁၂ ခုနှစ်အတွက် အာဆီယံအလှည့် ကျ ဥက္ကဋ္ဌရာထူးကိုရယူခဲ့ပြီးနောက် ဥက္ကဋ္ဌသက်တမ်းအတွင်း  အာဆီယံ ထိပ်သီးဆွေးနွေးပွဲတစ်ရပ်ကို နောက်ဆုံး ကျင်းပခြင်းဖြစ်သည်။ ၂၀၁၃ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ဘရူနိုင်းနိုင်ငံက ရယူမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ်အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံက ရယူမည်ဖြစ်ပါသည်။
(၂၁)ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲအတွက် ဖနွမ်းပင်မြို့အတွင်း လုံခြုံရေးချထားမှုကို ယခင်ကထက် ပိုမိုတင်းကျပ်ထားပါသည်။ ထိပ်သီးဆွေးနွေးပွဲလုံခြုံရေးအတွက် တပ်သားအရေအတွက် ၁၀၀၀၀ ကျော်ကို မြို့အနှံ့ ဖြန့်ကျက်ထားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ထိပ်သီးဆွေးနွေးပွဲသို့ နိုင်ငံတကာ ဂျာနယ်လစ် ၁၆၀၀ ကျော်တက်ရောက် သတင်းရယူရန် စာရင်းပေးသွင်းထားသည်ဟု ထိပ်သီးဆွေးနွေးပွဲမီဒီယာဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
Eleven Media Group အနေဖြင့်လည်း (၂၁)ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက် သတင်းရယူမည်ဖြစ်ကာ ကိုနေထွန်း နိုင်(အမှုဆောင်အယ်ဒီတာ)နှင့် ကိုငြိမ်းချမ်းဝင်း(အယ်ဒီတာ)တို့သည် နိုဝင် ဘာလ ၁၄ ရက်နေ့က ကမ္ဘောဒီးယားသို့ ထွက်ခွာသွားပြီဖြစ်သည်။

Eleven Media Group

No comments:

Post a Comment