Tuesday, November 13, 2012

အနော်ရထာတည်ထားကိုးကွယ်ခဲ့သည့် ရွှေဂူကြီးကိုးဆူအနက် နှစ်ဆူမှာ စိုးရိမ်ဖွယ်အနေအထားသို့ ရောက်ရှိလျက်ရှိနေ

ပန်းလောင်မြစ်ရိုးတစ်လျှောက် အနော် ရထာမင်း တည်ထားခဲ့သည်ဆိုသော ရွှေဂူကြီးစေတီ
ကိုးဆူအနက် နှစ်ဆူမှာ အလျင်အမြန်ပြုပြင်ရန် လိုအပ်နေပြီး စိုးရိမ်ဖွယ်အနေအထားတွင်
ရောက်ရှိ နေကြောင်း မြန်မာမှုဗိသုကာပညာရှင် တမ္ပ၀တီ ဦးဝင်းမောင်က မြန်မာတိုင်း(မ်)
ကို ပြောသည်။
အဆိုပါစေတီနှစ်ဆူမှာ မကျီးတောရွာရှိ မကျီးတောရွှေဂူကြီးနှင့် စော်ရဲရွာ အနီးရှိ စော်ရဲ
ရွှေဂူကြီးတို့ဖြစ်ကြောင်း သိရသည်။"ဂူကြီးကိုးလုံးမှာ ရှေးဟောင်းသုတေသန အနေနဲ့
သော်လည်းကောင်း၊ သာသနာရေးအနေနဲ့သော်လည်းကောင်း အရေးတကြီး  ပြုပြင်
ထိန်သိမ်းဖို့ လိုနေတဲ့ စေတီနှစ်ဆူပါတယ်။အခု လောလောဆယ် မပြုပြင်ရင် နောင်
ပျက်စီးသွားမှာ စိုးရိမ်ရတယ်။
"စော်ရဲရွှေဂူကြီးက အနော်ရထာ နောက်ပိုင်း
ဘယ်သူမှ မပြင်ခဲ့လို့  အနော်ရထာလက်ရာ
မူရင်းကျန်ခဲ့တယ်။ ဒါပေမယ့် ထိန်းသိမ်းမယ့်သူ မရှိတဲ့ အတွက် တစ်ယောက်ယောက်က
လာပြုပြင်လိုက်ရင် မူလလက်ရာ လုံးဝပျောက်သွားနိုင်တယ်။ ဒါကြောင့် ရှေးဟောင်းသုတေ
သနက ဒါကို ထိန်းသိမ်း တဲ့လုပ်ငန်း ပထမလုပ်ဖို့လိုတယ်။
"ဒုတိယက ပန်းလောင်မြစ်ရေတိုက် စားမှုဒဏ်ခံနေရတဲ့ မကျီးတောရွှေဂူကြီးကို  ရေတားနံရံ
တစ်ခု လုပ်ဖို့လိုတယ်။ ဒီတိုင်းဆက်ထားရင် ပန်းလောင်မြစ်ရေ တိုက်စားပြီး စေတီတစ်ဝက်
လောက် ပြိုပါ သွားနိုင်တယ်။ အဲဒီနှစ်ခုကို အရင် လုပ်ထားတယ်ဆိုရင် ကျန်တဲ့ဟာတွေက
ဖြည်းဖြည်းချင်း တူးဖော်သွားလို့ ရတယ်။ ပြဿနာမရှိဘူး"ဟု တမ္ပ၀တီဦးဝင်းမောင်က ဆိုသည်။
စော်ရဲရွာအနီးရှိ ရွှေဂူကြီးမှာ တောထဲတွင် ရောက်ရှိနေပြီး လူသိလည်း နည်းသည့်အတွက်
ယဉ်ကျေးမှုအကြောင်း နားမလည်သူများက ပြုပြင်လိုက်ပါက မူလလက်ရာ ပျောက်သွားနိုင်
ကြောင်း၊ လက်ရှိတွင် စေတီမှာ အမိုးပြိုသွားသော်လည်း အုတ်ရိုးအဖြစ် နံရံလေးဖက်ကျန်ရှိ
နေသေးပြီး အင်္ဂတေပန်းများမှာ ၂၀ ရာခိုင်နှုန်းခန့် ကျန်ရှိနေသေးကြောင်း သိရသည်။
မကျီးတောရွှေဂူကြီးမှာလည်း ပန်း လောင်မြစ်ကမ်းစပ်တွင် တည်ရှိနေပြီး ပင်းယခေတ်က ငုံ၍
တည်ခဲ့သည့် စေတီ တော်ကြီး၏ ပထမပစ္စယံ အစိတ်အပိုင်း အချို့မှာ ပြိုကျနေပြီဖြစ်ကြောင်း၊
တူးဖော်သည့်အပိုင်းကို ဖြည်းဖြည်းချင်း ပြုပြင်လျှင် ဖြစ်နိုင်သော်လည်း ရေကာတာ
ကျောက်ရိုး (သို့) ရေတားနံရံ တည် ဆောက်ရန်မှာမူ တာဝန်ရှိသည့် ပုဂ္ဂိုလ် နှင့်အဖွဲ့အစည်းများ
က ပူးပေါင်းပါဝင်မှသာ ဖြစ်နိုင်မည်ဟု ဦးဝင်းမောင်က ဖြည့်စွက်ပြောသည်။
"ဘုရားပြင်တဲ့နေရာမှာ ယဉ်ကျေးမှု အမြင်နဲ့မဟုတ်ဘဲ ဘာသာရေးအမြင်နဲ့ ပြင်ခဲ့ကြတာများ
တယ်။ ဘာသာရေး အမြင်ကျတော့ အင်္ဂတေရှိနေတယ်၊ မခိုင်ဘူးဆိုရင် ဒီအင်္ဂတေကို ပြန်ကပ်
ဖို့ မကြိုးစားတော့ဘူး။ ခွာပြီး အသစ်ပြန် ကပ်တယ်။ အဲဒါတွေက ယဉ်ကျေးမှုနဲ့ ဘာသာရေး
ကွာဟချက်တွေပဲ။
ဘာသာရေးက အသစ်ဖြစ်သွားရင် ပြီးတာပဲ။ ယဉ်ကျေးမှုကျတော့ အဟောင်းလေးကို အဟောင်း
အတိုင်း ကျန်အောင် ထိန်းသိမ်းရတာ။ အဲဒီနှစ်ခုမှာ ဘာသာရေး အမြင်နဲ့ ပြုပြင်တဲ့လူက များ
တယ်။ ယဉ်ကျေးမှုအမြင်နဲ့ ပြုပြင်ထားတာဆို အခု တမုတ်ရှင်ပင်ရွှေဂူကြီးတစ်ဆူပဲ ရှိတယ်"ဟု
တမ္ပ၀တီဦးဝင်းမောင်က  ဘုရားစေတီ ပြုပြင်မှုများနှင့် စပ်လျဉ်းသည့် ၎င်း၏အမြင်ကို ပြောသည်။
အနော်ရထာကောင်းမှု ဂူကြီးကိုးလုံး အနက် မပြုပြင်ရသေးသော မကျီးတော ရွှေဂူကြီး၊ မြင်းခုံ
တိုင်မြို့အနီးရှိ ချက်မ ရွှေဂူကြီးတို့မှာ လက်ရှိပြုပြင်ပြီး ဖြစ်သော တမုတ်ရွှေဂူကြီးကဲ့သို့
အနော်ရထာ၊ နရပတိစည်သူနှင့် ဥစ္စနာမင်းသုံးပါး တို့က အစဉ်အဆက် ပြုပြင်ခဲ့သည့် အထောက်
အထားများ တွေ့ရပြီး အရွယ်အစားမှာလည်း တစ်ရွယ်တည်း ဖြစ်ကြောင်း၊ စနစ်တကျ ပြန်လည်
ဖော်ထုတ် ပါက တမုတ်ရွှေဂူကြီးကဲ့သို့ပင် အနော်ရထာခေတ်လက်ရာ စေတီကို  အကောင်း
အတိုင်း ပြန်လည်တူးဖော်နိုင်မည့်အလားအလာရှိကြောင်း သိရသည်။

The Myanmar Times

No comments:

Post a Comment