Tuesday, November 13, 2012

၂၀၁၂ ခုနှစ် ဆယ်လတာကာလအတွင်း ဗီဒီယိုဇာတ်ကား ၈၀၀ ကျော် ထွက်ရှိ

၂၀၁၂ ခုနှစ် ဆယ်လတာကာလအတွင်း ဗီဒီယိုဇာတ်ကား ၈၀၀ ကျော် ထွက်ရှိခဲ့ပြီး တစ်နှစ်တာလုံး အတိုင်းအတာဖြင့် တွက်ဆပါက ဗီဒီယိုဇာတ်ကား တစ်ထောင်ကျော်ထိ ထွက်ရှိနိုင်ပြီး သုံးနှစ်တာကာလအတွင်း ဇာတ်ကားအရေအတွက် အများဆုံးထွက်ရှိသည့် နှစ်တစ်နှစ်ဖြစ်လာနိုင်ကြောင်း သိရှိရသည်။ ယင်းကဲ့သို့ ဇာတ်ကားအရေအတွက် ထွက်ရှိမှုများပြားလာခြင်းအတွက် နယ်များသို့ဖြန့်ချိရာတွင် လည်းကောင်း၊ ငှားရမ်းလုပ်ငန်းရှင်များမှလည်းကောင်း အပြည့်အ၀၀ယ်ယူနိုင်ခြင်း မရှိတော့ဘဲ ဈေးကွက် ၀ယ်လိုအား ကျဆင်းသည့် အနေအထားများနှင့် ရင်ဆိုင်လာရကြောင်း သိရှိရသည်။
“ဈေးကွက်အတွင်းမှာ ဗီဒီယိုဇာတ်ကားတွေ
အလွန်များပြားစွာ ဖြန့်ချိနေပါတယ်။ တစ်ပတ်ကိုအ နည်းဆုံး ဆယ်ကားအထက် ထွက်ရှိနေတာကို တွေ့ရမှာပါ။ဒီလို ဇာတ်ကားအများအပြား ထွက်ရှိနေခြင်းကို အကန့်အသတ်တစ်ခုဖြစ်အောင် လုပ်နိုင်ဖို့ စီစဉ်သွားပါမယ်။ ဒီလို စီစဉ်ခြင်းအားဖြင့် ဇာတ်ကားရဲ့ကွာလတီ ပိုင်းကို တစ်ဖက်တစ်လမ်းက ထိန်းရာရောက်သလို ဈေးကွက်ကျဆင်းမှုအတွက်လည်း အဖြေတစ်ခုဖြစ်လာနိုင် ပါတယ်” ဟု ရုပ်ရှင်အစည်းအရုံးမှ အတွင်းရေးမှူး ဦးဝင်းကြည်က ရှင်းပြခဲ့ပါသည်။
၂၀၁၀ ပြည့်နှစ်မှ ၂၀၁၂ ခုနှစ် ဆယ်လပိုင်းအထိ ဈေးကွက်အတွင်း ရက်ချိတ်ဖြန့်ချိခဲ့သည့် ဇာတ်ကား အရေအတွက်မှာ ၂၀၁၀ ပြည့်နှစ်တွင် ဇာတ်ကား ၈၇၃ ကား၊ ၂၀၁၁ ခုနှစ်တွင် ဇာတ်ကား ၉၆၉ ကား၊ ၂၀၁၂ ခုနှစ် ဆယ်လပိုင်းအထိ ဇာတ်ကား ၈၅၇ ကား ဖြန့်ချိခဲ့သည်ဟု သိရသည်။


Eleven Media Group

No comments:

Post a Comment