၂၀၁၂ ခုနှစ်အတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် ဆိုင်ကယ်အစီးရေ ၅၀၀ ကျော်အား
စစ်ဆေးဖမ်းဆီးခဲ့ပြီး လိုင်စင်မဲ့ မော်တော်ယာဉ် စီးနှင်းသူများထဲတွင် ဌာနဆိုင်ရာ
အရာရှိကြီးအချို့ ပါဝင်နေသည်ဟု တာဝန်ရှိသူတို့၏ ပြောကြားချက်အရ သိရသည်။
ဇန်န၀ါရီလမှ အောက်တိုဘာလကုန်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း မောင်းနှင်းနေသော
မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များကို စစ်ဆေးခဲ့ရာတွင် လိုင်စင်မဲ့
မော်တော်ယာဉ်အစီးရေ ၅၀ ကျော်နှင့် လိုင်စင်မဲ့ဆိုင်ကယ် ၄၅၀ နီးပါးကို
စစ်ဆေးဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ
ရဲမှူးမြင့်ထွေးက ပြောကြားခဲ့သည်။
ယင်းကဲ့သို့ လိုင်စင်မဲ့မော်တော်ယာဉ်များနှင့်
လိုင်စင်မဲ့ဆိုင်ကယ်များကို
စစ်ဆေးဖမ်းမိရန် ဌာနဆိုင်ရာပါဝင်သည့် စစ်ဆေးရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းထားကြောင်း
သိရှိရသည်။
စစ်ဆေးရေးအဖွဲ့တွင် ရဲတပ်ဖွဲ့၊ ယာဉ်ထိန်း၊ မထသ၊ ကညန၊ စည်ပင် စသည့်ဌာနဆိုင်ရာများ
ပါဝင်ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက “အခု
ရန်ကုန်တိုင်းအတွင်းမှာ လိုင်စင်မဲ့ယာဉ်တွေကို စစ်ဆေးရေးအဖွဲ့တွေက မြို့နယ်အလိုက်
ရှောင်တခင် စစ်ဆေးနေပါတယ်။ စစ်ဆေးတဲ့အခါမှာ နောက်ဆုံးပေါ်ကားကြီးကို
စတေကာကပ်ပြီးတော့ မောင်းနှင်းနေတဲ့ ယာဉ်တွေကို စစ်ဆေးတဲ့အခါမှာ တချို့ယာဉ်တွေက
လိုင်စင်မဲ့ယာဉ်တွေ ဖြစ်နေတာကို စစ်ဆေးတွေ့ရှိရတယ်။ အဲဒီယာဉ်တွေကို
စီးနှင်းနေသူတချို့က ဌာနဆိုင်ရာက ညွှန်ကြားရေးမှူးချုပ်တွေ၊ ညွှန်ကြားရေးမှူးဖြစ်နေတာ
စစ်ဆေးတွေ့ရှိရတယ်။ ဌာနဆိုင်ရာမှာ ဒီလိုအဆင့်မျိုးတွေနဲ့
တာဝန်ထမ်းဆောင်နေသူတွေအနေနဲ့ မလုပ်သင့်ပါဘူး” ဟု လိုင်စင်မဲ့ယာဉ်များကို
စစ်ဆေးရာတွင် တွေ့ရှိမှုကို သုံးသပ်ပြောကြားခဲ့သည်။
လိုင်စင်မဲ့ယာဉ်တစ်စီး စစ်ဆေးတွေ့ရှိသည့် ဖြစ်စဉ်တစ်ခုမှာ ၂၀၁၂ ခုနှစ် စက်တင်ဘာလ
၂၃ ရက်နေ့တွင် သက်ဆိုင်ရာ တာဝန်ရှိသူများသည် စော်ဘွားကြီးကုန်းဘက်မှ
ပြည်လမ်းအတိုင်း မရမ်းကုန်းဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ် ၁ ဃ /.....
တပ်ဆင်ထားသည့် တိုယိုတာ ကိုရိုလာစူပါရုဖ်ဗင် အဖြူရောင်ယာဉ်အား စစ်ဆေးခဲ့ရာ
ယာဉ်နှင့်ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသည့်အပြင် ယာဉ်ထိန်း
ကွန်ပျူတာဌာနမှ စစ်ဆေးခဲ့ရာ ယာဉ်အမှတ် ၁ ဃ /.... ယာဉ်အမျိုးအစားမှာ
နစ်ဆန်းဒီဇယ်ထရပ်ကားဖြစ်ကြောင်း သိရှိရသည်။
Eleven Media Group
No comments:
Post a Comment