ရာထူးရရှိသည်မှာ ၅၄ ရက်သာရှိသေးစဉ် ဘီဘီစီသတင်းဌာန၏ အရှုပ်တော်ပုံကြောင့် ဘီဘီစီ
ညွှန်ကြားရေးမှူးချုပ် ဂျော့အန့်ဝှစ်ဆယ် နုတ်ထွက်ခဲ့ရပြီးနောက် ဘီဘီစီသတင်းဌာန၏
အုပ်ချုပ်ရေးမှူး ခရစ္စပတ်တန်က အကောင်းဆုံး ဂုဏ်သတင်းကျော်ကြားမှုကို ရရှိလာပြီး
စာနယ်ဇင်းလောက၌ လူအများ၏ ယုံကြည်မှုအခံရဆုံး နာမည်ကောင်းများထဲ ပါဝင်သည့်
အသံလွှင့်ဌာနသည် ကြောက်မက်ရွံရှာဖွယ် အရှုပ်ထုပ်ကြီး ဖြစ်နေသောကြောင့်
လူထု၏ယုံကြည်ကိုးစားမှုကို ပြန်လည်ရရှိရန် အလုံးစုံ စစ်ဆေးပြုပြင်ပြောင်းလဲမှု
ပြုလုပ်ရန် လိုအပ်ကြောင်း နိုဝင်ဘာလ ၁၁ ရက်နေ့တွင်
ပြောကြားလိုက်သည်။
အန့်ဝှစ်ဆယ် (၅၀ နှစ်) သည် နိုင်ငံတော်က ရန်ပုံငွေထောက်ပံ့သော သက်တမ်း
နှစ်ပေါင်း ၉၀ ရှိ အသံလွှင့်ဌာနကြီးကို ၀ရုန်းသုန်းကား ဖြစ်စေခဲ့သည့်
အရွယ်မရောက်သေးသူကို လိင်ဆိုင်ရာ မတော်မတရားပြုကျင့်မှု အရှုပ်တော်ပုံအား
ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်ခဲ့သည့်အတွက် နိုဝင်ဘာလ ၁၀ရက်နေ့တွင်
နုတ်ထွက်သွားခဲ့သည်။
ဂျော့အန့်ဝှစ်ဆယ် နုတ်ထွက်သွားခြင်းက ဘီဘီစီသတင်းဌာနကို ဆယ်စုနှစ်များအတွင်း
အနက်ရှိုင်းဆုံး ပြဿနာရပ်ကြီး အတွင်းသို့ ကျရောက်သွားစေပြီး စေ့စပ်သေချာသော
ဖွဲ့စည်းပုံခိုင်မာသော အလုံးစုံ ပြုပြင်ပြောင်းလဲမှုပြုလုပ်ရန် လိုအပ်စေခဲ့ကြောင်း
ခရစ္စပတ်တန်က နိုဝင်ဘာလ ၁၁ ရက်နေ့နံနက်တွင် ဘီဘီစီ ရုပ်သံအစီအစဉ်မှတစ်ဆင့်
ပြောကြားလိုက်သည်။ လော့ဒ်အယ်လစ္စတာ မက်အယ်လ်ပိုင်းကို ကလေးသူငယ်များအား မတော်မတရား
ပြုကျင့်သူတစ်ဦးအဖြစ် မှားယွင်းစွာ ပေါ်ထွက်လာစေခဲ့သည့် BBC Newsnight အစီအစဉ်အား
စုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ သိရှိခြင်းမရှိကြောင်း ၀န်ခံခဲ့ပြီး
နောက်တစ်ရက်တွင် အန့်ဝှစ်ဆယ် ရာထူးမှ နုတ်ထွက်သွားခြင်းဖြစ်သည်။
ရူပတ်မားဒေါ့ ပိုင်ဆိုင်သော သတင်းစာများအပါအ၀င် တနင်္ဂနွေထုတ် သတင်းစာအချို့က
ယင်းအရှုပ်တော်ပုံကြောင့် ထိခိုက်မှုပျက်စီးမှုကို ဘီဘီစီ၏ သတင်းထောက်များနှင့်
အလုပ်အမှုဆောင်များအဖွဲ့ လက်တစ်ဆုပ်စာအပေါ် လွှဲချရန် ခြိမ်းခြောက်မှု ရှိနေသောကြောင့်
ခရစ္စပတ်တန်ကို ထုတ်ပယ်ရန် တောင်းဆိုထားကြသည်။ ခရစ္စပတ်တန်က နိုဝင်ဘာလ ၁၁ ရက်နေ့တွင်
Sky ရုပ်သံအစီအစဉ်မှ တစ်ဆင့် ပြောကြားရာတွင် ဘီဘီစီအား သန့်စင်ရေးပြုလုပ်ရန်
ကတိပြုခဲ့သော်လည်း ရူပတ်မားဒေါ့၏ သတင်းစာများမှနေ၍ သူ့အားထုတ်ပယ်ရန်
အမိန့်ပေးနေမှုများကို ဂရုစိုက်နေမည်မဟုတ်ဟု ဆိုသည်။
အန့်ဝှစ်ဆယ်က သူသည် နုတ်ထွက် လိုက်ခြင်းအားဖြင့် ဂုဏ်ယူဖွယ်အရာကို
လုပ်ဆောင်ခဲ့သည်ဟု ဆိုခဲ့သော်လည်း ဘီဘီစီ အုပ်ချုပ်ရေးအဖွဲ့သည် သူ့အား တစ်နှစ်စာ
လစာအပြည့်ဖြင့် နုတ်ထွက်ခွင့်ပြုလိမ့်မည်ဟူသော သတင်းပေါ်ထွက်လာခဲ့ပြီးနောက် သူ
နုတ်ထွက်သွားခြင်းက ယင်းအရှုပ်တော်ပုံအား ပိုမို နက်ရှိုင်းသွားအောင်
ပြုလုပ်သကဲ့သို့သာ ဖြစ်စေခဲ့သည်။ ဤကဲ့သို့သော အနေအထားမျိုး၌ ဤမျှသာ
တိုတောင်းလွန်းသော လုပ်သက်ရှိသူကို အခွန်လွတ်ငြိမ်းခွင့် ရှိပြီးသား စတာလင်ပေါင်
၄၅၀၀၀၀ ပေးလိုက်ခြင်းက လူအများကို အံ့အားသင့်စေခဲ့သည်ဟု ယဉ်ကျေးမှု၊ မီဒီယာနှင့်
အားကစားရေးရာ ကော်မတီ ဥက္ကဌ ဂျွန်ဝှစ်တင်ဒေးက ပြောကြားခဲ့သည်။ ယခင် ကွန်ဆာဗေးတစ်
အစိုးရအဖွဲ့ ၀န်ကြီးဟောင်း ခရစ္စပတ်တန်သည် ဘီဘီစီ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌအနေဖြင့်
ရာထူးနှင့် ထိုက်တန်သော အရည်အချင်း လုံးဝ မရှိကြောင်း ထင်ရှားသူ အန့်ဝှစ်ဆယ်ကို
အလုပ်ခန့်အပ်ခဲ့မှုကို အတည်ပြုခဲ့ခြင်းအတွက် ဖိအားပေးခြင်းကို ခံနေရသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ တစ်နေ့လုံးတွင် ပြုလုပ်ခဲ့သော အင်တာဗျူးများ၌
မက်အယ်လ်ပိုင်းပြဿနာနှင့် အရွယ်မရောက်သေးသူများ အပေါ် လိင်ဆိုင်ရာ
ပြစ်မှုများကျူးလွန်ခဲ့ကြောင်း စွဲချက်တင်ခံထားရသည့် ကွယ်လွန်သူ နာမည်ကြီး ဘီဘီစီ
ဖျော်ဖြေရေးပညာရှင် ဂျင်မီဆာဗယ်လီနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု တစ်ရပ်ပြုလုပ်ရန်
Newsnight အစီအစဉ်က ပယ်ချခဲ့ကြောင်း အစောပိုင်း သတင်းများ ထွက်ပေါ်လာမှုတို့အတွက်
ဆုံးရှူံးခဲ့ရသည့် လူထုယုံကြည်ကိုးစားမှုကို ပြန်လည်ရယူနိုင်သည်ဟု ခရစ္စပတ်တန်က
အခိုင်အမာ ပြောကြားခဲ့သည်။
Eleven Media Group
No comments:
Post a Comment