ရေနံနှင့် သဘာဝဓါတ်ငွေ့မှ ရရှိနေသည့် ၀င်ငွေများအား နိုင်ငံတော်မှ
မှန်မှန်ကန်ကန် သုံးစွဲမှု ရှိ မရှိနှင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်စေမည့်
အခြေခံ အဆောက်အအုံများတွင် သုံးစွဲမှု ရှိမရှိ သိရှိနိုင်ရန် ရေနံနှင့်
သဘာဝဓါတ်ငွေ့ကဏ္ဍတွင် ကမ္ဘာလုံးဆိုင်ရာ ပွင့်လင်းမြင်သာမှု စံနှုန်း (EITI) နှင့်
စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး စင်တာတို့ ပူးပေါင်းစစ်ဆေးမည်ဖြစ်ကြောင်း
နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့ ခေါင်းဆောင်၊ ဒေါက်တာဦးမြင့်က နိုဝင်ဘာလ
၁၆ ရက်နေ့က ပြောကြားခဲ့သည်။
“အစိုးရရဲ့ဘတ်ဂျက်မှာ သဘာဝဓါတ်ငွေ့က ရတဲ့ငွေကို ဘယ်လောက်လဲ၊ ဘယ်နေရာမှာ ဒီငွေကို
ပြန်ပြီးအသုံးချနေလဲ။ တကယ်သွားသင့်တဲ့နေရာ သွားလား စတာတွေကို စစ်ဆေးသွားဖို့
ရှိပါတယ်။ ဒါကို EITI (Extrative Industries Transparency Initiative)နဲ့
ပူးပေါင်းပြီး သူတို့ရဲ့အကြံဥာဏ်တွေအတိုင်း Gas ကရတဲ့ငွေတွေ ဘယ်သွားပြီး ဘယ်လာနေလဲ
စိစစ်မယ်။ နောက်ပြီး National Investment Committee တို့လို အဖွဲ့တွေနဲ့လည်း
ပူးပေါင်းဆောင်ရွက် သွားမှာပါ” ဟုလည်း နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့
ခေါင်းဆောင်၊ စီးပွားရေး ပညာရှင် ဒေါက်တာဦးမြင့်က ပြောကြားခဲ့ပါသည်။
သဘာဝဓာတ်ငွေ့မှ ရရှိသည့် ၀င်ငွေမှာ
နှစ်စဉ် အများဆုံးဖြစ်နေပြီး
ယခုဘဏ္ဍာနှစ်တွင်လည်း ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စက်တင်ဘာလကုန်အထိ
တင်ပို့မှုစာရင်းအရ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလျံ နီးပါး ရရှိထားသည်။
မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ ပြည်ပတင်ပို့မှုမှ ၀င်ငွေအများဆုံး ရသည့်နှစ်မှာ
၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၆ ဘီလျံကျော် ရရှိခဲ့ကြောင်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ
သိရှိရသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်ဖြစ်သည့် သဘာဝဓာတ်ာငွေ့မှ ရငွေအား
မှန်ကန်မှုရှိစွာ အသုံးပြုစေလိုကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့
ခေါင်းဆောင် ဒေါက်တာဦးမြင့်က ပြောကြားသည်။
ပါမောက္ခ Dr.Joseph Stiglitz ကလည်း မြန်မာနိုင်ငံအနေဖြင့် သဘာဝသယံဇာတ
ကျိန်စာသင့်မှုကြောင့် ငွေပုံပေါ်ထိုင်ပြီး သုံးစွဲရင်းက တဖြည်းဖြည်း
ဆင်းရဲနွမ်းပါးလျက် ရှိကြောင်း၊ အဆိုပါ ကျိန်စာကြောင့် ဈေးနှုန်းများ
မတည်ငြိမ်ခြင်း၊ နိုင်ငံခြားငွေလဲနှုန်းများ တန်ဖိုးတက်ခြင်း၊ သယံဇတမှ
ရရှိငွေများကို လွဲမှားစွာ အသုံးချခြင်းဆိုသော ပြဿနာများကို ဖြစ်ပေါ်စေပြီး
ဝင်ငွေခွဲဝေမှု မမျှတခြင်းကဲ့သို့ အဆိုးဆုံး အခြေအနေကို ရောက်ရှိနေသော်လည်း
စီမံခန့်ခွဲမှု စွမ်းဆောင်ရည် ကောင်းမွန်ပါက ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ၂၀၁၂
ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပြုလုပ်သော စီးပွားရေး ပညာရပ်ဆိုင်ရာ
ဟောပြောပွဲတွင် ထည့်သွင်းသုံးသပ်ထားပါသည်။
“သဘာဝဓာတ်ငွေ့ ရငွေက တိုင်းပြည်အတွက် အရေးကြီးတဲ့အတွက် သူ့ဆီက ရငွေကို
မှန်မှန်ကန်ကန် ဖြစ်စေချင်ပါတယ်။သဘာဝဓာတ်ငွေ့ဆိုတာက အချိန်တန်ရင် ကုန်သွားမှာပါ။
ကျွန်တော်တို့အနေနဲ့ မကုန်ခင်မှာ ရေရှည်အကျိုးအတွက် အခြေခံ အဆောက်အအုံတွေ ဆောက်တာ၊
စက်ရုံအသစ်တွေ ဆောက်တာမျိုးတွေလုပ်ပြီး ကုန်ခမ်းနိုင်တဲ့ သဘာဝဓာတ်ငွေ့က ရငွေကို
လက်ရှိမျိုးဆက်အတွက်တင် မဟုတ်ဘဲ နောက်မျိုးဆက်တွေအထိပါ ခံစားနိုင်အောင် မူဝါဒ
ချမှတ်လုပ်ဆောင်ရပါမယ်” ဟု ဦးမြင့်က ပြောကြားခဲ့ပါသည်။
“မြန်မာနိုင်ငံမှာက တန်ဖိုးရှိတဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာ၊
ကျောက်စိမ်းလို တန်ဖိုးရှိတဲ့ တွင်းထွက်တွေ ရှိတာပဲ။ ဒီတွင်းထွက်တွေကို ရောင်းရင်
ရတဲ့ငွေက နိုင်ငံတော်ဆီသွားတယ်။ နိုင်ငံတော်ကနေ ရလာတဲ့ငွေကို ကောင်းမွန်စွာ
စီမံနိုင်ရင် သဘာဝ သယံဇာတ ကျိန်စာသင့်တယ်ဆိုတာ မရှိနိုင်ပါဘူး” ဟုလည်း ဦးမော်သန်းက
ဆက်လက်ပြောကြားခဲ့သည်။
နိုင်ငံတစ်နိုင်ငံတွင် သယံဇာတ ပေါကြွယ်ဝသည်မှာ အားသာချက်တစ်ခု
ဖြစ်ကြောင်း၊သို့သော်လည်း အခြားတစ်ဖက်တွင် recourse curse သယံဇာတကျိန်စာ
ကျရောက်တတ်ကြောင်း ယခုနှစ် UN မှ ထုတ်ပြန်သော စာတမ်းတွင်လည်း သယံဇာတကျိန်စာနှင့်
ပတ်သက်၍ ထည့်သွင်းရေးသား ဖော်ပြထားကြောင်း၊ အကန့်အသတ်နှင့်သာ ထွက်ရှိသည့် သယံဇာတအား
အကျိုးရှိရှိ အသုံးချရန် လိုအပ်ပြီး ဖြုန်းသည့်သဘော မဖြစ်သင့်ကြောင်း ပါမောက္ခ
စတစ်ဂလစ်က မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။
“၂၀၁၀၊ ၂၀၁၁ ခုနှစ်မှာ သဘာဝဓာတ်ငွေ့ကနေ ကန်ဒေါ်လာ ၂.၅ ဘီလျံ ရခဲ့တယ်။ ဒီပမာဏဟာ
ပို့ကုန်ဝင်ငွေ အားလုံးရဲ့ ၃၂.၆ ရာခိုင်နှုန်း ရှိပါတယ်။ ဒီလိုငွေတွေကို
မှန်မှန်ကန်ကန် ဖြစ်စေချင်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ဆိုင်ရာ
စစ်တမ်းတွေမှာလည်း ကမ်းလွန်လုပ်ကွက်ကရတဲ့ အခွန်ငွေတွေက ပျောက်နေတယ်။
သဘာဝဓာတ်ငွေ့ကရတဲ့ ငွေတွေက လူချမ်းသာတွေရဲ့ အိတ်ထဲ ရောက်သွားတယ်။ လာဘ်ပေး
လ်ာယူမှုတွေ ဖြစ်ကုန်တယ်။ ဒီလိုမျိုးတွေ မဖြစ်ဖို့ စနစ်တကျ ကြပ်မတ်ရပါမယ်” ဟုလည်း
ဦးမြင့်က ဆက်လက်ပြောကြားခဲ့ပါသည်။
Eleven Media Group
No comments:
Post a Comment