နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ နိုဝင်ဘာလ ၁၇ ရက် (မနက်ဖြန်)တွင်
သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက
Eleven Media Group သို့ နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ
ဖနွမ်းပင်မြို့၌ ကျင်းပမည့် (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး
ဆွေးနွေးပွဲသို့ မြန်မာ အပါအ၀င် နိုင်ငံပေါင်း (၁၈) နိုင်ငံမှ
ခေါင်းဆောင်များ တက်ရောက်ကြမည် ဖြစ်သည်။တက်ရောက်မည့်
ခေါင်းဆောင်များ ထဲတွင် အာဆီယံနိုင်ငံ (၁၀)နိုင်ငံမှ ၀န်ကြီးချုပ်များ၊
သမ္မတများ၊ အမေရိကန် သမ္မတ ဘားရတ် အိုဘားမား၊ တရုတ် ၀န်ကြီးချုပ်
ဝမ်ကျားပေါင်၊ အိန္ဒိယ ၀န်ကြီးချုပ် မန်မို ဟန်ဆင်း၊ ဂျပန် ၀န်ကြီးချုပ်
ယိုရှီဟီကို နိုဒ၊ တောင်ကိုရီးယားနိုင်ငံ သမ္မတ လီမြောင်ဘတ်၊ သြစတြေးလျ
ဝန်ကြီးချုပ် ဂျူလီယာ ဂေးလာဒ် ၊ နယူးဇီလန် ၀န်ကြီးချုပ် ဟွန်ဂျွန်ကီး တို့
ဖြစ်ကြသည်။ ရုရှနိုင်ငံ အနေဖြင့် သမ္မတ ပူတင် တက်ရောက်မည် မဟုတ်ဘဲ
နိုင်ငံခြားရေး ၀န်ကြီး ဆာဂီ လာရော့ဗ် ကို စေလွှတ်မည် ဖြစ်သည်။ ထို့အပြင်
ကမ္ဘာ့ဘဏ်၊ ADB ၊ IMF ၊ WTO နှင့် UNCTAD စသော အဖွဲ့ အစည်းများမှ
ခေါင်းဆောင်များ လည်း တက်ရောက်မည် ဖြစ်သည်။
(၂၁) ကြိမ်မြောက်
အာဆီယံ ထိပ်သီး ဆွေးနွေးပွဲများနှင့် ဆက်စပ် အစည်းအဝေးများ အနက် ထိပ်တန်း
ခေါင်းဆောင်များ တက်ရောက်မည့် အဓိက အစည်း အဝေးများကို နိုဝင်ဘာလ ၁၈ရက်၊ ၁၉
ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် ပြုလုပ်မည် ဖြစ်ပါသည်။ နိုဝင်ဘာလ ၁၇
ရက်နေ့တွင် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ၏ အစည်း အဝေး၊ နိုဝင်ဘာလ ၁၈
ရက်နေ့တွင် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ဖွင့်ပွဲနှင့် အာဆီယံ
ခေါင်းဆောင်များ၏ ဆွေးနွေးပွဲ၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အာဆီယံနှင့်
ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား နိုင်ငံတို့၏ သီးခြား ဆွေးနွေးပွဲများ၊
ASEAN +3 ဆွေးနွေးပွဲ၊ အာဆီယံ-အိန္ဒိယ၊ အာဆီယံ-အမေရိကန် အစရှိသော
ဆွေးနွေးပွဲများကို ပြုလုပ်မည် သည်။ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အရှေ့ အာရှ
ထိပ်သီး ဆွေးနွေးပွဲနှင့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ပိတ်ပွဲ အစီအစဉ်များ
ပြုလုပ်မည် ဖြစ်ပါသည်။
အမေရိကန် သမ္မတ အိုဘားမားသည် နိုဝင်ဘာလ ၁၉
ရက်နေ့တွင် ထိုင်းနိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး
မြန်မာနိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ ခရီးဆက်မည် ဖြစ်သည်။
Eleven Media Group
No comments:
Post a Comment