Tuesday, November 13, 2012

အမေရိကန်သမိုင်းတွင် သမ္မတတစ်ဦး၏ ပထမဆုံးခရီးစဉ် အဖြစ် မြန်မာနိုင်ငံသို့ ဘာရက်အိုဘားမား လာရောက်မည်

အမေရိကန်သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက် ရွေးချယ်ခံခဲ့ရသော ဘာရက်အိုဘားမားသည်  မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း အိုဘားမား၏ သမ္မတအိမ်ဖြူတော်က နိုဝင်ဘာလ ၈ ရက်က အတည်ပြုခဲ့သည်။
ထို့ကြောင့် ယခုခရီးစဉ်သည် အမေရိကန် ပြည်ထောင်စုသမ္မတ တစ်ဦး၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။ ယင်းသည် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများအပေါ် ၀ါရှင်တန်က ထောက်ခံမှုပေးသည့် နောက်ဆုံးအချက်ပြမှု တစ်ခုလည်းဖြစ်သည်။
မြန်မာနိုင်ငံသို့ အမေရိကန်အစိုးရ၏ ဒုတိယသမ္မတ အဆင့်သာ အမြင့်ဆုံး လာရောက်ခဲ့ဖူးပြီး ၎င်းမှာ မြန်မာနိုင်ငံသို့ ၁၉၅၃ ခုနှစ်က လာရောက်ခဲ့သည့် ဒုတိယသမ္မတ ရစ်ချက်နစ်ဆင်ဖြစ်ကာ နှစ်ရက်ကြာ
လာရောက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံကို လာရောက်တဲ့ ပထမဦးဆုံးသော အမေရိကန် သမ္မတအဖြစ် သမိုင်းတွင်မည့် ဒီခရီးစဉ်ဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်အမတ်များ၊ မြန်မာနိုင်ငံပြည် သူများရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အပေါ် ခိုင်မာသော ထောက်ခံမှု ပြသလိုက်ခြင်းလို့လည်း ယူဆပါတယ်  .  .  .
အိုဘားမားသည် ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံ ရန် စီစဉ်ထားကြောင်း အိမ်ဖြူတော် က ပြောကြားခဲ့သည်။
ထို့အပြင် အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အားပေးတိုက်တွန်းမည် ဖြစ်ကြောင်း သိရသည်။
အိုဘားမားသည် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားစသည့် အရှေ့တောင် အာရှနိုင်ငံများသို့ နိုဝင်ဘာလ ၁၇ ရက်မှ ၂၀ ရက်အထိ လာရောက်မည် ဖြစ်ကြောင်း အမေရိကန်က အတည်ပြု ပြောကြားထားသည်။
အိုဘားမားသည် နိုဝင်ဘာလ ၁၉ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်ပြီး သမ္မတဦးသိန်းစိန်နှင့်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း မြန်မာအစိုးရ တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် လာရောက်မည်ဖြစ်ပြီး သမ္မတအိုဘားမားနှင့်အတူ မြန်မာနိုင်ငံသမ္မတဦး သိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့ နှင့်တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။
“သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့လာရောက်ပြီး သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ Civil Society တို့နဲ့ တွေ့ဆုံမယ့် အိမ်ဖြူတော်၏ ထုတ်ပြန်ကြေညာချက်ကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ဒီခရီးစဉ်ဟာ လတ်တလောပြီးစီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ပူပူနွေးနွေး အောင်မြင်မှုရရှိပြီးတဲ့နောက် ပထမ ဆုံးသော ပြည်ပခရီးစဉ်ဖြစ်ပြီး ဒီခရီးစဉ်မှာ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်တဲ့အတွက်  မြန်မာနိုင်ငံနှင့်အာရှ ဒေသအပေါ်ထားရှိတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ အလေးထားမှုအပေါ်များစွာ ၀မ်းမြောက်မိပါတယ်”ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံကို လာရောက်တဲ့ ပထမဦးဆုံးသော အမေရိကန်သမ္မတ အဖြစ် သမိုင်းတွင်မည့် ဒီခရီးစဉ်ဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်အ မတ်များ၊ မြန်မာနိုင်ငံပြည်သူများရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အပေါ် ခိုင်မာသော ထောက်ခံမှု ပြသလိုက်ခြင်းလို့လည်းယူဆပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၏ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း က “ဒီမိုကရေစီနိုင်ငံကြီးတစ်ခုရဲ့ ခေါင်းဆောင်ကြီး တစ်ယောက်လာတဲ့ အတွက် မြန်မာနိုင်ငံရဲ့အပြောင်းအလဲအတွက် တိုးတက်လာဖို့ တွန်းအား ပေးရာရောက်နိုင်ပါတယ်။ အခုလက်ရှိ အပြောင်းအလဲဟာ ပြောင်းလဲနေတာ မှန်ပေမယ့် အပြည့်အ၀ မဟုတ်သလို အထက်ပိုင်းအပြောင်းအလဲ များပေမယ့် အောက်ပိုင်းအပြောင်းအလဲ နည်းပါတယ်။ ဒီလိုအခြေအနေအရပ်ရပ်ကို သူ့ကို ရှင်းပြဖို့ အခွင့်အရေး တစ်ခုရမယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရှင်းပြမယ်။ ဘယ်လောက်အထိ တိုးတက်တယ်။ Investment တွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးစရာ၊ ပြောပြစရာတွေ ရှိပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။
ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်သမ္မတ ကြီးအနေဖြင့်လည်း အမေရိကန်သမ္မတ နှင့် အမေရိကန်ပြည်သူများ၏ အားပေးထောက်ခံမှုကို ရရှိခြင်းအားဖြင့် သူ့၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို နောက်ပြန်မလှည့်ဘဲ He can move Forward ဆက်လက်လျှောက် လှမ်းမည့်ဆုံးဖြတ်ချက်များ ပိုမိုခိုင်မာစေမည်ဟုလည်း ယုံကြည်ပါသည် ဟု ဦးဇော်ဌေးက ပြောကြားခဲ့သည်။
“သမ္မတအိုဘားမား၏ ခရီးစဉ်ကြောင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်တွေ အရှိန်အဟုန်ပိုမို မြင့်မားလာမှာဖြစ်ပါတယ်။ သမိုင်းတွင်မယ့် ဤခရီးစဉ်က အစပြုပြီးတော့ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ယုံကြည်မှုတွေ၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်အဟုန် ရရှိနေပြီဖြစ်တဲ့  နှစ်နိုင်ငံဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုသိသာစွာ တိုးတက်ဖြစ်ထွန်းလာ မည်ဖြစ်ကြောင်း အပြည့်အ၀ယုံကြည် မျှော်လင့်ထားပါတယ်”ဟု ဦးဇော်ဌေး က ပြောကြားခဲ့သည်။
သမ္မတဦးသိန်းစိန်သည် စက်တင်ဘာလတွင် နယူးယောက်မြို့သို့ သမိုင်းဝင် ခရီးသွားရောက်ခဲ့ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပထမဆုံး မိန့်ခွန်းပြောခဲ့သော မြန်မာခေါင်းဆောင် တစ်ဦး ဖြစ်လာခဲ့သည်။
အလားတူ ဒေါ်အောင်ဆန်းစုကြည် သည်လည်း စက်တင်ဘာလ တွင် အမေရိကန်သို့သမိုင်းဝင်ခရီးစဉ် သွားရောက်ခဲ့ပြီး အမေရိကန်သမ္မတ အိုဘားမားနှင့်လည်း တွေ့ဆုံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့၏ အမေရိကန်နိုင်ငံ ခရီးစဉ်ပြီးနောက် အမေရိကန် ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးတွင် အရေးကြီးသော မှတ်တိုင်သစ်ကို ဖြတ်သန်းခဲ့ ပြီးဖြစ်သည်ဟု အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဘန်းစ်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန်အစိုးရ ၂၀၁၁ ပြည့်နှစ် မတ်လကစတက်လာပြီးနောက်ပိုင်း  နိုင်ငံရေးနှင့်စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်နေသောကြောင့် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို တစ်ဆင့်ပြီး တစ်ဆင့် ဖြေလျှော့ဆိုင်းငံ့မှုများ ပြုလုပ် နေကြသည်။
အမေရိကန်သမ္မတ အိုဘားမား လက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏မူဝါဒကို ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံဆွေးနွေး သွားမည့်လမ်းစဉ်ကို ကျင့်သုံးလာခဲ့ သည်။ အမေရိကန်-မြန်မာသံတမန် ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ်ကတည်းက စတင်ခဲ့သည်။
တရုတ်မီဒီယာ၊ ပညာရှင်များနှင့်  သံတမန်အချို့က အမေရိကန်၏ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုပိုမိုသွက် လာမှုသည် တရုတ်-မြန်မာဆက်ဆံ ရေးကို ထိခိုက်လာနိုင်သည်ဟု စိုးရိမ် ပူပန်မှုများ ရှိနေကြောင်း သိရသည်။
သို့သော်မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတ အိုဘားမား လာရောက်မည့် ခရီးစဉ်သည် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အကျိုးစီးပွား ကို ထိခိုက်မှာမဟုတ်ကြောင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ ကွန်မြူနစ်ပါတီ အကြီးအကဲ ချင်ကွမ်းယောင်းက နိုဝင်ဘာလ ၉ ရက်က ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment