Thursday, November 15, 2012

(၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲသို့ မြန်မာ အပါအ၀င် နိုင်ငံပေါင်း(၁၈) နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်မည်



(၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲသို့ မြန်မာ အပါအ၀င် နိုင်ငံပေါင်း (၁၈) နိုင်ငံမှ ခေါင်းဆောင်များ  တက်ရောက် ကြမည် ဖြစ်သည်။

တက်ရောက်မည့် ခေါင်းဆောင်များ ထဲတွင် အာဆီယံနိုင်ငံ (၁၀)နိုင်ငံမှ ၀န်ကြီးချုပ်များ၊ သမ္မတများ၊ အမေရိကန် သမ္မတ ဘားရတ် အိုဘားမား၊ တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင်၊ အိန္ဒိယ ၀န်ကြီးချုပ် မန်မို ဟန်ဆင်း၊ ဂျပန် ၀န်ကြီးချုပ် ယိုရှီဟီကို နိုဒ၊ တောင်ကိုရီးယားနိုင်ငံ သမ္မတ လီမြောင်ဘတ်၊ သြစတြေးလျ ၀န်ကြီးချုပ် ဂျူလီယာ ဂေးလာဒ် ၊ နယူးဇီလန် ၀န်ကြီးချုပ် ဟွန်ဂျွန်ကီး တို့ ဖြစ်ကြသည်။ ရုရှနိုင်ငံ အနေဖြင့် သမ္မတ ပူတင် တက်ရောက်မည် မဟုတ်ဘဲ
နိုင်ငံခြားရေး ၀န်ကြီး ဆာဂီ လာရော့ဗ် ကို  စေလွှတ်မည် ဖြစ်သည်။ ထို့အပြင် ကမ္ဘာ့ဘဏ်၊ ADB ၊ IMF ၊ WTO နှင့် UNCTAD စသော အဖွဲ့ အစည်းများမှ ခေါင်းဆောင်များ လည်း တက်ရောက်မည် ဖြစ်သည်။

(၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲများနှင့် ဆက်စပ် အစည်းအဝေးများ အနက် ထိပ်တန်း ခေါင်းဆောင်များ တက်ရောက်မည့် အဓိက အစည်း အဝေးများကို နိုဝင်ဘာလ ၁၈ရက်၊ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင်  ပြုလုပ်မည် ဖြစ်ပါသည်။ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ၏ အစည်း အဝေး၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ဖွင့်ပွဲနှင့် အာဆီယံ ခေါင်းဆောင်များ၏ ဆွေးနွေးပွဲ၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အာဆီယံနှင့်  ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား နိုင်ငံတို့၏ သီးခြား ဆွေးနွေးပွဲများ၊  ASEAN +3 ဆွေးနွေးပွဲ၊ အာဆီယံ-အိန္ဒိယ၊ အာဆီယံ-အမေရိကန် အစရှိသော ဆွေးနွေးပွဲများကို ပြုလုပ်မည် သည်။ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အရှေ့ အာရှ ထိပ်သီး ဆွေးနွေးပွဲနှင့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ပိတ်ပွဲ အစီအစဉ်များ  ပြုလုပ်မည် ဖြစ်ပါသည်။

မြန်မာ သမ္မတ ဦးသိန်းစိန်သည် (၂၁)ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန်အတွက်  နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်သို့ ရောက်ရှိမည် ဖြစ်ကာ
နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ပြန်လည် ထွက်ခွာမည်ဟု ကမ္ဘောဒီးယား ပြန်ကြားရေး ၀န်ကြီးဌာနမှ ကနဦး သတင်း ထုတ်ပြန် ထားသည်။ ယင်း ထုတ်ပြန်ချက်တွင် သမ္မတ ဦးသိန်းစိန်နှင့် အတူ နိုင်ငံခြား ရေး ပြည်ထောင်စု ၀န်ကြီး ဦးဝဏ္ဏ မောင်လွင်၊ နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးတင်နိုင်သိန်း၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ကံဇော်၊ နိုင်ငံတော် သမ္မတ ရုံး ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း၊ ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ ၀န်ကြီး ဒေါက်တာ ၀င်းမြင့်တို့ တက်ရောက်မည်ဟု ဖော်ပြခဲ့ပါသည်။

သို့သော် ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်ပင်သို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရောက်ရှိမည့် နေ့ရက်ကို မြန်မာအစိုးဘက်မှ တရားဝင် ထုတ်ဖော် ပြောကြားထားခြင်း မရှိသေးပေ။ အမေရိကန် သမ္မတ အိုဘားမားသည် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ ခရီးဆက်မည် ဖြစ်ပါသည်။

No comments:

Post a Comment