ရွှေသံလွင်ကုမ္ပဏီပိုင် သင်္ဘောသည်
တရားဝင်လိုင်စင်၌ စက်သုံးဆီ ၇၅ တန်သာ စာရင်းပြထားပြီး တကယ်တမ်း စစ်ဆေးသည့်အခါတွင် ၇၅ တန် အပြင် ၁၁၃
တန်အား တရားမ၀င် ပိုမိုတင်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
ယင်းကိစ္စရပ်နှင့် ပတ်သက်၍
ရွှေသံလွင်ကုမ္ပဏီအား
ဆက်သွယ်မေးမြန်းခဲ့ရာ၌ Department မတူညီသောကြောင့်
ပြောကြားနိုင်ခြင်း မရှိကြောင်း ပြန်လည်ပြောဆိုခဲ့ပါသည်။
နိုဝင်ဘာလ ၅ ရက်နေ့တွင်
ဖမ်းမိပြီးနောက် ပြည်နယ်အစိုးရမှ စစ်ဆေးရေးအဖွဲ့ဖြင့် နိုဝင်ဘာလ ၈ ရက်နေ့တွင်
စစ်ဆေးခဲ့ကြောင်း လက်ရှိတွင် လိုင်စင်ပါပမာဏထက် ပိုမို၍ တင်ဆောင်လာသော
စက်သုံးဆီတန်ချိန် ၁၁၃ တန်အား အကောက်ခွန်ဌာနမှ လုပ်ထုံးလုပ်နည်းအရ အရေးယူထားကြောင်း
သိရသည်။
ထိုကဲ့သို့ စစ်ဆေးထားမှုအား
နိုဝင်ဘာလ ၉ ရက်နေ့ က ပြည် နယ်အစိုးရအဖွဲ့ မော်လမြိုင်သို့ ပြည်နယ်အကောက်ခွန်
ဦးစီးဌာနမှူးရုံးမှ တင်ပြထားခဲ့ကြောင်းလည်း သတင်းရရှိသည်။
အဆိုပါ တင်ပြချက်တွင်မူ
ရွှေသံလွင်ကုမ္ပဏီမှ MV Shwe Than Hlyan အမည်ရှိ သင်္ဘောဖြင့်တင်
ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
သင်္ဘောအ၀င်အထွက် စာရင်းတွင်မူ
ရွှေသံလွင်ကုမ္ပဏီ၊ Shwe Than Hlyan အမည် သင်္ဘောဟု ဖော်ပြထားကြောင်း၊ တစ်လလျှင်
ပုံမှန် သုံးခေါက်အထိ ပြေးဆွဲကြောင်းလည်း စုံစမ်းသိရှိရသည်။
“ရွှေသံလွင်ကုမ္ပဏီအနေနဲ့
တင်လာတာ။ လိုင်စင်မှာ ၇၅ တန်ပဲ တင်ဖို့ပါတယ်၊၊ ၇၅ တန် အပြင် ၁၁၃ တန်ကို
လိုင်စင်မဲ့နဲ့ ပိုတင်လာတာပါ။ တရားဝင်လိုင်စင်ပါထက် ပိုတင်လာတဲ့
စက်သုံးဆီတွေကိုတော့ အကောက်ခွန်ဦးစီးဌာနရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း သိမ်းဆည်း
အရေးယူ ထားပါတယ်။ အကောက်ခွန် ဦးစီးဌာနအနေနဲ့ လိုင်စင်ပါရဲ့ ၁၀
ရာခိုင်နှုန်းအတွင်းမှာ ပိုတင်လာတယ် ဆိုရင်တော့ ပိုတင်လာတဲ့ ပမာဏကို
အခွန်ပေးဆောင်စေပြီး ထုတ်ပေးတဲ့နည်းနဲ့ အရေးယူပါတယ်။ ဒီထက် ပိုရင်တော့
သိမ်းဆည်းပါတယ်။ စက်သုံးဆီတင်သွင်းဖို့ လိုင်စင်လျှောက်ထားတဲ့အခါ
အကောက်ခွန်ဦးစီးဌာနမှာ ကိုယ်တင်သွင်းလိုတဲ့ တန်ချိန်အတိုင်းကို
အခွန်အရင်ဆောင်ရပါတယ်။ ပြီးမှ စီးပွားကူးသန်းက လိုင်စင်ထုတ်ပေးတာပါ” ဟု
အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
စစ်ဆေးခဲ့မှုအပေါ် သိရှိသူ
တစ်ဦးကလည်း “မုဒုံမြို့ ကတုံးပေါ်ရွာနားမှာ Navy Boat ကစစ်တာ တွေ့တယ်။ ပြီးတော့
လိုင်စင်မှာပါတာထက် ပိုပြီးပါလာတယ်လို့ သိရတယ်” ဟု ပြောပြခဲ့သည်။
ယခုကဲ့သို့ တရားဝင်လိုင်စင်ထက်
ပမာဏများစွာ ပိုမိုတင်သွင်းမှုများအား ဖမ်းဆီးရမိပါက အကောက်ခွန်ဦးစီးဌာနမှ
အကောက်ခွန် ဥပဒေအတိုင်း အရေးယူသကဲ့သို့ ဆက်လက်၍လည်း သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ
အသေးစိတ်အား စစ်ဆေးရကြောင်း၊ ယင်းကဲ့သို့ စစ်ဆေးပြီးနောက် ကုမ္ပဏီကိုပါ Black List
သွင်းသင့်ပါက ထည့်သွင်းခြင်း၊ အရေးယူခြင်းတို့ကို ဆက်လက်ပြုလုပ်ရကြောင်းလည်း
သိရသည်။
မြန်မာနိုင်ငံတွင်
ယခင်နှစ်များကထက် ယာဉ်အစီးရေ ပိုမိုများပြားစွာ တင်သွင်းအသုံးပြုခဲ့သည့်အတွက်
ယခုနှစ်တွင် စက်သုံးဆီတင်သွင်းမှုမှာ ယခင်ကထက် ပိုမိုမြင့်တက်ရမည်ဖြစ်သော်လည်း
တရားဝင် တင်သွင်းမှုစာရင်းတွင်မူ တန်ချိန်သိန်းဖြင့်ချီကာ လျော့ကျခဲ့ကြောင်းကိုလည်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ယခင်လပိုင်းများကတည်းက
ထုတ်ပြန်ထားခဲ့သည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်၊ ဧပြီလ ၁
ရက်နေ့မှ ဇွန်လအထိ ပြည်ပမှ စက်သုံးဆီတန်ချိန် စုစုပေါင်း ၅၃၅၂၅၃ ကျော်
တင်သွင်းခဲ့သော်လည်း ယခုနှစ်တွင် ဧပြီလ ၁ ရက် နေ့မှ ဇွန်လအထိ ပြည်ပမှစက်သုံး
ဆီတန်ချိန်ပေါင်း ၃၆၁၈၄၄ ကျော် သာတင်သွင်းခဲ့ကြောင်း သိရှိရပါ သည်။
ထို့အတွက် သုံးလအတွင်း
တရားဝင်စက်သုံးဆီ တင်သွင်းမှုပမာဏမှာ ယခင်နှစ်ကထက် တန်ချိန်
တစ်သိန်းခုနစ်သောင်းကျော် လျော့ကျခဲ့ကြောင်း၊ ယခုကဲ့သို့ စက်သုံးဆီ
ပိုမိုသုံးစွဲသည့် ကာလတွင် တရားဝင် တင်သွင်းမှု ပိုမိုမြင့်တက်ရမည်ဖြစ်သော်လည်း
ပြောင်းပြန်အနေအထားအဖြစ် သုံးစွဲမှုနှုန်းမြင့်တက်ပြီး တရားဝင် တင်သွင်းမှုနှုန်း
လျော့ကျခြင်းမှာ သမားရိုးကျမဟုတ်ဘဲ မှောင်ခိုတင်သွင်းမှုများကြောင့်
ဖြစ်ကြောင်းကိုလည်း ကုန်သွယ်မှုဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများက
ထုတ်ဖော်ပြောကြားထားခဲ့ပြီး ဖြစ်သည်။
သုံးလအတွင်း စက်သုံးဆီ
တန်ချိန် ၁၇၃၀၀၀ ကျော် တရားဝင်တင်သွင်းမှု လျော့ကျခဲ့သည့်အတွက်
နိုင်ငံတော်မှရရှိမည့် တစ်ဂါလန် ကျပ် ၄၅၀ မှ ကျပ် ၅၀၀ ကြား ရှိသော အခွန်ပမာဏ
စုစုပေါင်း ကျပ်သိန်း ၈၀၀ နီးပါး နစ်နာခဲ့ရသည်ဟု သိရသည်။
ရွှေသံလွင်ကုမ္ပဏီသည် ပုဂ္ဂလိက
စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ခွင့်ရရှိထားသည်။ ရွှေသံလွင် ကုမ္ပဏီမှာ
ကုမ္ပဏီခွဲများစွာဖြင့် လုပ်ငန်းတည်ထောင် လည်ပတ်လျက်ရှိသည့် လုပ်ငန်းစုကြီးဖြစ်ပြီး
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ကလည်း မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံခွင့်
ဥပဒေအရ ဘီယာ၊ စီးကရက်နှင့် အချိုရည် စက်ရုံများ တည်ထောင်ခွင့်ကို မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုပေးခဲ့ကြောင်းလည်း
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားချက်များအရ
သိရသည်။
စက်သုံးဆီနှင့် ပတ်သက်၍
တရားမ၀င် ပိုမိုတင်သွင်းမှုများအား ဖမ်းမိသကဲ့သို့ စက်တင်ဘာလ ၂၆ ရက် နေ့နှင့် ၂၇
ရက်နေ့က ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် ၂၃ ဆိုင်အား ၀င်ရောက်စစ်ဆေးရာ ၂၁ ဆိုင်မှာ
ဆီအခြင်အတွယ် မပြည့်ကြောင်း စစ်ဆေးတွေ့ရှိ၍ သတိပေးမှုများ စည်းကမ်းချက်များ
ထုတ်ပြန်ခဲ့ရပါသည်။
Eleven Media Group
No comments:
Post a Comment