Tuesday, November 13, 2012

နိုင်ငံတော်အမျိုးသားအဆင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခဲ့သော ဦးစောလှိုင်ညွန်ကြားရေးမှူး(ငြိမ်း)ကြေးတိုင် နှင့် မြေစာရင်းဦးစီးဌာန နှင့်တွေ့ဆုံခြင်း

မေး- ဆရာအနေနဲ့ နိုင်ငံတော်အမျိုးသား အဆင့်လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ တက်ရောက် ခဲ့တယ်လို့သိပါတယ်။ အချိန်မလုံလောက် လို့ သိပ်မဆွေးနွေးခဲ့ရဘူးလို့လည်းသိရ ပါတယ်။ ဘာတွေများဆွေးနွေးတင်ပြချင်   သလဲဆိုတာပြောပြပါဦးခင်ဗျာ။
ဖြေ- ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်   နေ့က ကျင်းပခဲ့တဲ့ နိုင်ငံတော်အမျိုး သားအဆင့်လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာအလုပ်ရုံးဆွေးနွေးပွဲဖွင့်ပွဲအခမ်း အနားတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမြင့်လှိုင်၏ ဆွေးနွေးတင်ပြချက်မှ
တင်ပြ  တိုက်တွန်းချက်တစ်ခုကို အောက်ပါအတိုင်း  လက်ဆင့်ကမ်းဖော်ပြလိုက်ပါတယ်။
“ဆင်းရဲနောက်ကျကျန်နေခဲ့ရသည် ကို မည်သူတစ်ဦးတစ်ယောက်၊ မည်သည့် အဖွဲ့အစည်းကိုမျှ ပြစ်တင်ဝေဖန်နေခြင်း (Blame Game) မပြုလုပ်ကြဘဲ၊ စဉ်ဆက် မပြတ်ပြောင်းလဲတိုးတက်နေသော ကမ္ဘာ့ အခြေအနေကို လိုက်မီနိုင်အောင်ညီညီ ညွတ်ညွတ်ဖြင့် မိမိတို့အသီးသီးပြောင်းလဲ  သင့်သည်များကို ပြုပြင်ပြောင်းလဲကြ ပြီး နိုင်ငံကို ချစ်ကြသောနိုင်ငံသားတိုင်း အသီးသီးကဏ္ဍအလိုက်ကိုယ်တိုင်ပါဝင်အား  သွန်ခွန်စိုက်အစွမ်းကုန်ကြိုးစားလုပ်ဆောင်  ကြရမည်မှာ ယနေ့မိမိတို့အားလုံး၏တာဝန် ဖြစ်သည်ဟု လေးစားစွာဖြင့်တိုက်တွန်း တင်ပြအပ်သည်”
အထက်ပါတိုက်တွန်းချက်သည် ယနေ့လိုအချိန်အခါမျိုးတွင် အလွန်တန် ဖိုးထားလိုက်နာသင့်သည့်တိုက်တွန်းချက် တစ်ရပ်ဖြစ်ပါတယ်။
ကျွန်တော့်အနေဖြင့် ဖြတ်သန်းကျင်  လည်ခဲ့ရသည့် လုပ်ငန်းတွေ့အကြုံကို အခြေပြု၍ ဤတိုက်တွန်းချက်၏ အရေး ပါပုံကိုဖော်ပြလိုပါတယ်။ မြေကြီးမြေပုံမှန်  ကန်ရေးလုပ်ငန်းသည် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လွန်စွာအရေး ပါသည့်လုပ်ငန်းတစ်ရပ်ဖြစ်ပါတယ်။ လယ်ယာကဏ္ဍတိုးတက်စေရန်မူဝါဒချ မှတ်သည်မှ အကောင်အထည်ဖော်ဆောင်  ရွက်နိုင်မှု အခြေအနေကို စိစစ်သုံးသပ် သည်အထိအရေးပါသည့် နေရာတွင်ရှိနေ ခဲ့ခြင်းလည်းဖြစ်ပါတယ်။ တောင်သူလယ် သမားများအတွက် လယ်ယာမြေကို ဥပဒေသစ်ကြောင့်လည်းတောင်သူတစ် ဦးခြင်း လုပ်ပိုင်ဆိုင်ခွင့်ကို မှတ်တမ်းတင် ဖော်ပြထားသည့် မြေပုံများ၊ မြေကြီးမြေ ပုံကိုက်ညီမှန်ကန်ရန် လိုအပ်ချက်မှာ ထပ် ဆင့်တိုး၍လာပါတယ်။ ထို့အတူလက်မှု လယ်ယာမှ စက်မှုလယ်ယာသို့ကူးပြောင်း  စအချိန်တွင် ဆောင်ရွက်လာနေသည့် မြေယာပြုပြင်ဆောင်ရွက်မှုများ၊ လယ်ကွက်  ကြီးများဖော်ထုတ်ခြင်း၊ ကုန်ထုတ်လမ်းများ၊ ရေသွင်းမြောင်းများဖော်ဆောင်ခြင်းစသည် တို့ကြောင့်လည်း မြေကြီးမြေပုံမှန်ကန်ရေး လုပ်ငန်းကို ဦးစားပေးဆောင်ရွက်သင့် ကြောင်း ညွှန်ပြနေပြန်ပါတယ်။ မြေကြီး မြေပုံမှန်ကန်ရေးအတွက် ဆောင်ရွက်ရာ တွင် လုပ်ငန်းပိုင်း (၂) ပိုင်း ခွဲခြားနိုင်ပါ တယ်။ ပထမအပိုင်းများ မြေပြင်ရှိအနေ  အထားအတိုင်းမြေပုံတွင်ဖော်ပြနိုင်ရန် မြေတိုင်းတာဆောင်ရွက်ခြင်းအပိုင်းနှင့်  မြေပုံပါအနေအထားအတိုင်းမြေပြင်တွင်  ပိုင်ဆိုင်လုပ်ကိုင်သူတို့၏ အတိုင်းအတာ  အကျယ်အ၀န်း၊ ပိုင်ဆိုင်လုပ်ကိုင်မှု၊ လွှဲ ပြောင်းမှုအခြေအနေတို့ကို အဆင့်ဆင့် မှတ်တမ်းတင်ရသည့် မြေစာရင်းမှတ်ပုံ စာရင်းများပြုစုထိန်းသိမ်းခြင်းအပိုင်းဟူ၍ ဖြစ်ပါတယ်။
မေး- ဒါနဲ့ဆရာ ကြားဖြတ်ပြီးမရှင်းတာ လေးမေးပါရစေ မြေကြီးမြေပုံအကြောင်း ကို ရှင်ပြပါဦး။
ဖြေ- ဒီလိုရှိတယ်ဗျ လယ်ယာစိုက်ပျိုး မြေလုပ်ကွက်များကို ကွင်းဖွဲ့၍ မြေတိုင်း  တာဆောင်ရွက်ပြီး မြေပုံထုတ်ပြီးမှသာ  ဒုတိယအပိုင်းဖြစ်သည့် မြေစာရင်းမှတ်ပုံ  စာရင်းများထူထောင်ခြင်းကို လုပ်ဆောင်  နိုင်ပါတယ်။ ကျွန်တော်တို့အားလုံး ရည်ညွန်းပြောဆိုနေသည့် မြေကြီးမြေပုံ စကားရပ်မှ မြေပုံဆိုသည်မှာ သာမန်လယ်
ကွက်တစ်ကွက်ခြင်းကို ကောင်းစွာဖော်ပြ  နိုင်သည့် စကေးဖြင့် ရေးဆွဲထားသည့် စကေးကြီးမြေပုံကို ဆိုလိုခြင်းဖြစ်ပါတယ်။  ဌာနအခေါ်အားဖြင့် ကွင်းမြေပုံ (သို့မဟုတ်) ကွက်စိတ်မြေပုံ (Cadactral Map) ဟူ၍  ဖြစ်ပြီး ၁၅ လက်မ x ၂၄ လက်မ စက္ကူ ချပ်တစ်ချပ်ပေါ်တွင် ကွင်းတစ်ကွင်းအတွက်   လယ်ကွက်အားလုံးကို တိုင်းတာဖော်ပြ ထားတဲ့မြေပုံဖြစ်ပါတယ်။ ၁၈၇၉ ခုနှစ်မှ စ၍ အင်္ဂလိပ်တို့က တောင်သူများထံမှ မြေခွန်ကို စနစ်တကျကောက်ခံနိုင်ရန် အတွက် အောက်မြန်မာပြည်တွင် ကွက် စိတ်မြေပုံစနစ်ကို စတင်ဖော်ဆောင်ခဲ့ပါ တယ်။ စကေးအားဖြင့် ဖော်ပြရသော် ကွင်းမြေပုံများကို ယေဘူယျအားဖြင့် ၁၆ လက်မ= တစ်မိုင်စကေး (၁း၃၉၆၀)ဖြစ်ပါ တယ်။
မြေကြီးမြေပုံမှန်ကန်ရေးလုပ်ငန်းမှာ  အပြောလွယ်သလောက်အကောင်အထည် ဖော်ရန် ခက်ခဲသည့်လုပ်ငန်းတစ်ရပ်ဖြစ် ပါတယ်။ မြန်မာပြည်တွင် စစ်သုံးပြမြေပုံ ဟု လူသိများသည့် တစ်လက်မတစ်မိုင် စကေးပြမြေပုံမှာ ခေတ်မမီတော့ခြင်း။ မူလဖွဲ့စည်းတိုင်းတာခဲ့သည့်  Primary Control Point များ အချို့ပျက်စီးဆုံးရှုံး မှုရှိနေခြင်းတို့ကြောင့် UTM စနစ်ကို သုံး ၍ ၁း၅၀၀၀၀ စကေးဖြင့် မြေပုံများကို ပြန်လည်တိုင်းတာဖော်ထုတ်ခဲ့ပြီးသည်မှာ  မကြာလှသေးပါ။ ယင်းလုပ်ငန်းကို မြေ တိုင်းဦးစီးဌာနကအောင်မြင်စွာတိုင်းတာ  ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။
ယင်းသို့ အောင်မြင်စွာထုတ်ဝေနိုင် ရန်အတွက် မြေတိုင်းဦးစီးဌာနက ၂၀၀၁- ၂၀၀၂ ခုနှစ်မှ စ၍ ၂၀၀၆-၂၀၀၇ ခုနှစ် အထိ အကောင်အထည်ဖော်ဆောင်ရွက် မည့်လုပ်ငန်းစဉ်အသေးစိတ်ကို Master Plan အဖြစ် ရေးဆွဲတင်ပြ၍ နိုင်ငံတော် မှလည်း US$ ကျပ် ၆ သန်း ထည့်ဝင်ကျခံပေး ခြင်း၊ ပြင်ပနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Suntac Technologies ကုမ္ပဏီမှာ အားဖြည့်  ကူညီဆောင်ရွက်ပေးခြင်း၊ နိုင်ငံခြားနည်း ပညာကုမ္ပဏီတစ်ခုဖြစ်သည့် FINNM AP INTERNATIONAL မှ နည်းပညာ ပံ့ပိုး  ဆောင်ရွက်ပေးခြင်းတို့ကြောင့် စီမံကိန်း  အတိုင်းအောင်မြင်စွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း တွေ့ရှိရပါ တယ်။
မြေကြီးမြေပုံမှန်ကန်ရေးဟု ဦးတည်  ပြောဆိုနေကြသည့် ကွင်းမြေပုံများမှန်ကန်   ရေးအတွက်ကိုလည်း မြေတိုင်းဦးစီးဌာန မှ UTM မြေပုံလုပ်ငန်းဆောင်ရွက်သကဲ့ သို့စနစ်တကျ Master Plan ရေးဆွဲဆောင် ရွက်ရန်အထူးလိုအပ်နေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် ၁း၅၀၀၀၀ စကေး မြေပုံချပ်ရေပေါင်း (၁၁၁၂) ချပ်ဟု မှတ်သားမိပါတယ်။ ကွင်းမြေပုံ၏ စကေး မှာ ၁း၄၀၀၀ ခန့်ဖြစ်သည့်အတွက် လုပ်ငန်း  ပမာဏအားဖြင့် အဆပေါင်း ၁၂ ဆခန့် ပိုမိုများပြားပါတယ်။ ဤမျှများပြားသော  လုပ်ငန်းပမာဏကို ဌာနတစ်ခုတည်းအား ဖြင့် ရုန်းကန်စေပါက ၀န်နှင့်အား မျှတ စေမည်မဟုတ်သဖြင့် လုပ်ငန်းအောင်မြင်  နိုင်မည်မဟုတ်ပါ။ ခေတ်မီနည်းပညာများ  ခေတ်မီကိရိယာများအသုံးပြုဆောင်ရွက် သည်ဆိုဦးလူအားငွေအားပါသည့်တိုင် လုပ်ငန်းပမာဏပြီးမြောက်ရန် အနည်း ဆုံးအချိန်ကာလအားဖြင့် (၁၀) နှစ်ခန့် အချိန်ယူဆောင်ရွက်ရမည့်ကိစ်္စရပ်ဖြစ်ပါ တယ်။
မေး- ဒီနေရာမှာ  UTM မြေပုံအကြောင်း လေးရှင်းပြပါဦး။
ဖြေ-  UTM မြေပုံလုပ်ငန်းဆောင်ရွက်ခဲ့ စဉ်က ပေ၊ ကိုက်စနစ်မှာ ခေတ်မမီတော့ ၍ မီတာစနစ်သို့ပြောင်းလဲရန်သင့်ကြောင်း ထည့်သွင်းစဉ်စားခဲ့ပါတယ်။ ယခုအသုံး ပြုနေဆဲကွင်းမြေပုံများမှာ အင်္ဂလိပ်ကိုလို နီလက်ထက်က အသုံးပြုခဲ့သည့် သံကြိုး နှင့် ဧကစနစ်ကိုသာ သုံးထားဆဲဖြစ်ပါ သည်။ မီတာနှင့် ဟတ်တာစနစ်ပြောင်းရန်  သင့်/မသင့် ထည့်သွင်းစဉ်းစားရန် လိုသကဲ့သို့မြေပုံစကေးကိုလည်း လက်ရှိ  ကျင့်သုံးနေသည့်ြွှ မြေပုံစကေးနှင့်  အချိုးကျစကေးသို့ပြောင်းလဲရန် လို/မလို သုံးသပ်ဆောင်ရွက်ရန် လိုအပ်လျက်ရှိနေ ပါတယ်။ ယခင်စစ်သုံးမြေပုံစကေးမှာ ၁ လက်မ= ၁မိုင် စကေးဖြစ်၍ ကွင်းမြေပုံ ၏ စကေးကို ၁၆ လက်မ= တစ်မိုင်၊ ၃၂ လက်မ = ၁မိုင်စသည်ဖြင့် အချိုးကျသတ် မှတ်ဆောင်ရွက်ခဲ့ရာ ယခု  UTM မြေပုံ စကေးမှာ ၁း၅၀၀၀၀ ဖြစ်သဖြင့် ကွင်းပြ မြေပုံ၏ စကေးကိုလည်း အချိုးကျ ၁း၅၀၀၀၊ ၁း၂၅၀၀ စသည်ဖြင့် ပြောင်းလဲရန် သင့်/  မသင့်စဉ်းစားဆောင်ရွက်ရန်ဖြစ်ပါတယ်။
အထက်ဖော်ပြပါအတိုင်း နည်း ပညာအရထည့်သွင်းစဉ်းစားရမည့်အချက် များရှိနေခြင်း၊ လုပ်ငန်းပမာဏကြီးမားခြင်း ငွေကြေးအင်အားလိုအပ်ခြင်းတို့ကြောင့်  မြေကြီးမြေပုံပြည့်စုံမှန်ကန်ရေးလုပ်ငန်းမှာ အားလုံးဝိုင်းဝန်းဆောင်ရွက်မှသာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါတယ်။  သက်ဆိုင်ရာဌာနများ၏ အကြံဉဏ်နှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ပြင်ပနည်းပညာ ကုမ္ပဏီများ၏ အားဖြည့်ကူညီဆောင်ရွက်  မှုတို့ဖြင့် ဆောင်ရွက်ရန်လိုအပ်ပါတယ်။ လူတို့၏ပြုပြင်ပြောင်းလဲမှုများ၊ သဘာဝ ၏ တိုက်စားပြောင်းလဲမှုများကြောင့် မြေကြီးမြေပုံမှန်ကန်ရေးမှာ စဉ်ဆက်မပြတ်  ဆောင်ရွက်နေရမည့်လုပ်ငန်းစဉ်ဖြစ်ရာ  မြေကြီးမြေပုံမမှန်နိုင်မှုအပေါ်ပြစ်တင် ပြောဆိုဝေဖန်နေခြင်းထက် မည့်သို့ပြုပြင်  ပြောင်းလဲဆောင်ရွက်သင့်သည်တို့ကို ၀ိုင်းဝန်းကြံဆောင်သင့်ပြီဖြစ်ပါတယ်။
မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်   အခါကလည်း ပြည်သူ့ကိုယ်စားလှယ်ဆိုသူ  တစ်ဦးက ကြေးတိုင်နှင့် မြေစာရင်းဝန် ထမ်းများအပေါ် ထန်းတက်ဆာဗေးဟူ သော အသုံးအနှုန်းမျိုးဖြင့် ပုတ်ခတ်ခဲ့ဖူး ပါတယ်။ ယခုဒီမိုကရေးစီသို့လျှောက်လှမ်း  နေချိန်တွင်လည်း လွန်ခဲ့သော နှစ် (၃၀) ကျော်က အသုံးအနှုန်းမျိုးဖြင့် လှောင် ပြောင်သရော်လိုမှုများ ခံစားသိမြင်နေရ ပြန်ပါတယ်။ ပြည်ထောင်စုဝန်ကြီးတိုက်တွန်း  သည့်အတိုင်း ပြစ်တင်ဝေဖန်နေခြင်း (Blame Game) မပြုလုပ်ကြစေလိုတော့ ပါ။ အထူးသဖြင့် ပြည်သူ့ကိုယ်စားလှယ် ဆိုသူများအနေဖြင့် ကာလရှည်ကြာဖြစ် ပေါ်နေခဲ့သည့် မှားယွင်းမှုများအပေါ်ပြစ် တင်ဝေဖန်စတန့်ထွင်နေရုံဖြင့် မလုံလောက် တော့ပါ။ မည်သို့ ကုစားဖြေရှင်းဆောင် ရွက်သင့်သည်ကိုသာ ဖော်ဆောင်အား ထုတ်သင့်ပြီဖြစ်ပါတယ်။ နောက်ဆုံး ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ အပြစ်မြင်၍ အပြစ်တင်မစောသင့်ပါလို့ ပြောချင်ပါတယ်။

စိုးဝင်းနိုင်
Hot News

No comments:

Post a Comment