မြန်မာ့လေကြောင်းမှ F-28 ခရီးသည်တင် လေယာဉ်တစ်စီးအား ခရီးစဉ်များ ပြေးဆွဲခြင်းမှ ရပ်နားခဲ့ကြောင်း မြန်မာ့လေကြောင်းမှ လေယာဉ်မှူးကြီးတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။
အဆိုပါ F-28 လေယာဉ်မှာ နိုဝင်ဘာလ ၁၃ရက်နေ့ နံနက်က ရန်ကုန်မှ နေပြည်တော်သို့ထွက်ခွာရာတွင် စက်ချို့ယွင်းမှုကြောင့် နေပြည်တော်လေဆိပ်တွင် ဆင်းသက်နိုင်ခဲ့ခြင်းမရှိဘဲ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရသည်။
သို့ဖြစ်၍ အဆိုပါလေယာဉ်အား မြန်မာ့လေကြောင်းမှ လေကြောင်းခရီးစဉ်ပြေးဆွဲခြင်းများမှ အပြီးအပိုင် ရပ်နားခဲ့ခြင်းဖြစ်သည်။
''ဒီလေယာဉ်ကို ခရီးသည်တွေရဲ့ Safety အတွက်
ခရီးစဉ်ပြေးဆွဲခြင်းက ရပ်နားခဲ့တာပါ။ လေယာဉ် သက်တမ်းကလည်း နှစ် ၃၀နီးပါးရှိပြီ ဖြစ်တာကြောင့်လည်း အနားပေးခဲ့တာပါ'' ဟု မြန်မာ့လေကြောင်းမှ အမည်မဖော်လိုသူ လေယာဉ်မှူးကြီးတစ်ဦးက ပြောပြခဲ့သည်။
နိုဝင်ဘာလ ၁၃ရက်နေ့က မြန်မာ့လေကြောင်းမှ ခရီးစဉ်အမှတ်UBA-663,F-28 ခရီးသည်တင်လေယာဉ်သည် ရန်ကုန်-နေပြည်တော်-မန္တလေး-ဟုမ္မလင်း-မုံရွာ ခရီးစဉ်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နံနက် ၇နာရီတွင် ထွက်ခွာခဲ့ရာ နေပြည်တော်လေဆိပ်သို့အရောက် စက်ချို့ယွင်းမှုကြောင့် ဆင်းသက်နိုင်ခြင်းမရှိသဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရကြောင်း သိရသည်။
အဆိုပါလေယာဉ်တွင် ခရီးသည် ၅၆ဦးနှင့် လေယာဉ်အမှူထမ်း ၅ဦးပါဝင်ခဲ့ပြီး၊ ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိအပြီးတွင်၊ မြန်မာ့လေကြောင်းမှ အခြားလေယာဉ်တစ်စီးဖြင့် ခရီးသည်များအား ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
တစ်ခုတည်းသော နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းသည် F-28 လေယာဉ် ၃စီး၊ MA-60 လေယာဉ်၃စီး၊ ATR ၃ စီး -Beech-1900 D လေယာဉ် ၂စီးဖြင့် ခရီးစဉ်များကို ပြေးဆွဲလျက်ရှိသည်။ အဆိုပါလေယာဉ်များ အနက် F-28 လေယာဉ်များမှာ သက်တမ်းကြာမြင့်ပြီဖြစ်သည့်အတွက် အမေရိကန်နိုင်ငံ GE Capital Aviation Services မှ လေယာဉ်၂စီးအား အငှားဝယ်ယူစနစ်ဖြင့် ၀ယ်ယူထားပြီး၊ အဆိုပါလေယာဉ်များအနက် ၁စီးမှာ ဒီဇင်ဘာ ၂၇ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဟု သတင်းရရှိပါသည်။
Eleven Media Group
No comments:
Post a Comment