Sunday, November 11, 2012

ဦးမြင့်အေးနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် မေတ္တာရပ်ခံ ပန်ကြားလွှာကို လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်နှင့် နိုင်/ကျဉ်း ပူးပေါင်းပြီး နိုင်ငံတော်သမ္မတထံ ပေးပို့မည်

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်မှ ဦးမြင့်အေးနှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် မေတ္တာရပ်ခံ ပန်ကြားလွှာကို လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်နှင့် နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့(နိုင်/ကျဉ်း) တို့ ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံတော်သမ္မတထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ မေတ္တာရပ်ခံ ပန်ကြားလွှာကို နိုဝင်ဘာလ ၁၂ရက်နေ့တွင် ပေးပို့သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၁ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်
လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်နှင့် နိုင်/ကျဉ်း အဖွဲ့ဝင်များက ပြောကြားခဲ့သည်။              
နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့မှ ကိုတိုးကြည် က''ကျွန်တော်တို့အဖွဲ့အနေနဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး ချွင်းချက်မရှိ လွတ်မြောက်ရေးကို ဦးတည်ဆောင်ရွက်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ဥပဒေဘောင်အတွင်းကနေ ငြိမ်းချမ်းစွာ တိုက်တွန်း တောင်းဆိုမှုတွေ လုပ်ဆောင်သွားမှာပါ''ဟု ပြောပြခဲ့ပါသည်။
နိုင်ငံတော်သမ္မတထံသို့ ပေးပို့သွားမည့် မေတ္တာရပ်ခံ ပန်ကြားလွှာတွင် ''ယခင်စစ်အစိုးရ လက်ထက်၌ နိုင်ငံရေးနှင့် လူအခွင့်ရေး လှုပ်ရှားကြသူများအား အကြောင်းအမျိုးမျိုးပြ၍ စွပ်စွဲချက်မျိုးစုံဖြင့် ပြစ်ဒဏ်များ ချမျတ်ကျခံစေခဲ့ကြောင်း ထိုသို့ဆောင်ရွက်ခဲ့မှုများကြောင့် မတရား စွပ်စွဲ ထောင်ချခံရသူများသာမက ၄င်းတို့၏ မိသားစုဝင်များပါ ထိခိုက်နစ်နာမှုများနှင့် ကြုံတွေ့ခဲ့ကြရကြောင်း၊ ဒီမိုကရေစီ ဖော်ဆောင်နေသော အစိုးရသစ် လက်ထက်တွင်  အပြုသဘောဆောင်သည့် တိုးတက်မှုများ ပြုလုပ်ခဲ့ခြင်းများအား ကြိုဆိုပါကြောင်း ယခုကဲ့သို့ ဒီမိုကရေစီ ဖော်ဆောင်နေသည့် ကာလများတွင် ယခင်အစိုးရဟောင်းလက်ထက် နိုင်ငံရေး၊ လူ့အခွင့်အရေးအရ ဆောင်ရွက်မှုများကို မတရား ဖမ်းဆီးခံခဲ့ရပြီး ပြစ်ဒဏ်များ ဆက်လက်ကျခံနေရသည့် ဦးမြင့်အေး အပါအ၀င် ကျန်ရှိနိုင်ငံရေးအကျဉ်းသား အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် သမ္မတနှင့် အစိုးရအဖွဲ့ထံသို့ မေတ္တာရပ်ခံ ပန်ကြားလွှာ ပေးပို့အပ်ပါသည်'' ဟု ပါဝင်ပါသည်။
ဦးမြင့်အေးသည် ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဒုက္ခခံ စားနေရသည့် ပြည်သူများကို ကူညီဆောင်ရွက်နေစဉ် (၈.၈.၂၀၀၈)တွင် ဖမ်းဆီးခံရပြီး (၁၃/၅) (၁၇/၁)၊ ဖောက်ခွဲ (၅) ပုဒ်မများဖြင့် တစ်သက်တစ်ကျွန်းနှင့် ၈ နှစ်ပြစ်ဒဏ် ချမှတ်ခံရကာ ကယားပြည်နယ် လွိုင်ကော်ထောင်တွင် ယနေ့အထိတိုင် အကျဉ်းကျခံနေရဆဲဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဦးတင်မောင်ကြည်က ရှင်းလင်းပြောပြသွားခဲ့သည်။
အဆိုပါ မေတ္တာရပ်ခံ ပန်ကြားလွှာကို သမ္မတရုံးဝန်ကြီး၊ သမ္မတ အကြံပေးအဖွဲ့(နိုင်ငံရေး)၊ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး၊ ဥက္ကဋ္ဌ တရားဦးပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်၊ လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ နှင့် အာရှလူ့အခွင့်အရေး ကော်မတီ တို့ထံ မိတ္တူပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group


No comments:

Post a Comment