Sunday, November 11, 2012

အများပြည်သူမှီခိုအားထားနေရသော ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပြုပြင်မွမ်းမံပြီး အဆင့်မြင့်ဆးရုံကြီး ဖြစ်မြောက်ရေးဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်၌ အရေးကြီးအဆိုတင်သွင်း

အများပြည်သူ မှီခိုအားထားနေရသော ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပြုပြင်မွမ်းမံပြီး အဆင့်မြင့်ဆေးရုံကြီး ဖြစ်မြောက်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၉ ရက်နေ့၌ ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်က  ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပြုပြင်မွမ်းမံပြီး အဆင့်မြင့်ဆေးရုံကြီးဖြစ်မြောက်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ လွှတ်တော်ရေးရာကော်မတီ၊ ကော်မရှင်အဖွဲ့ဝင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အလှူရှင်များပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပေးရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းခဲ့ခြင်းဖြစ်ပါသည်။
''အခုချိန်မှာ ကျွန်မတို့နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေဟာ အင်မတန်နိမ့်ကျနေပါတယ်။  အခုဆိုရင် တတ်နိုင်တဲ့သူတွေက ပုဂ္ဂလိကဆေးရုံတွေ၊ ဆေးခန်းတွေမှာပဲ ဆေးကုသမှုခံပါတယ်။ တချို့ဆိုရင် နိုင်ငံခြားမှာသွားပြီး ဆေးကုသပါတယ်။ သာမန်ပြည်သူတွေက ဒီလိုမတတ်နိုင်တဲ့အခါကျတော့ နိုင်ငံတော်က စီစဉ်ပေးထားတဲ့ ဆေးရုံတွေမှာပဲ ဆေးကုသမှုခံယူရပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေဟာအဖက်ဖက်က
ယိုယွင်းနေတဲ့အချိန်မှာ ရန်ကုန်ဆေးရုံကြီးကိုပဲ အဓိကထားပြီးတော့ ပြုပြင်မွမ်းမံစေချင်တယ်လို့ပြောရတာဟာ ရန်ကုန်ဆေးရုံကြီးကို တစ်တိုင်းပြည်လုံးက အားကိုးနေရတဲ့ ပုဂ္ဂလိက ဆေးခန်းတွေ မတတ်နိုင်တဲ့ ပြည်သူတွေ သာမက ရန်ကုန်တိုင်းအပြင်က အရေးပေါ်အခြေအနေကြောင့်ဖြစ်စေ၊ နယ်ကဆေးရုံတွေမှာ မကုသနိုင်တဲ့ ရောဂါဝေဒနာတွေကြောင့်ဖြစ်စေ ရန်ကုန်ဆေးရုံကြီးကို အားကိုးနေရပါတယ်။ ဒီလိုအားကိုးနေရတဲ့ဆေးရုံကြီးတစ်ခုဟာ ဆေးရုံတစ်ခုရဲ့ အနိမ့်ဆုံးရှိသင့်ရှိထိုက်တဲ့ လက္ခဏာတွေနဲ့ မကိုက်ညီဘူးဆိုတော့ အင်မတန်မှ နိုင်ငံအတွက် ၀မ်းနည်းစရာကောင်းပါတယ်၊၊ အင်မတန်ကြေကွဲစရာကောင်းပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုပါသည်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေသက်ခင်က ''အကောင်းဆုံးဖြစ်အောင်လုပ်မှာပါ''ဟု အဖွဲ့အစည်းအားလုံးပူးပေါင်း၍ ကျန်းမာရေးသင်္ကေတတစ်ခုဖြစ်သော ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ခေတ်မီဆေးရုံကြီးဖြစ်အောင် မွမ်းမံမည့်အစီအစဉ်နှင့်ပတ်သက်၍ ထောက်ခံကြောင်း  ပြောကြားခဲ့ပါသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပြုပြင်မွမ်းမံပြီး အဆင့်မြင့်ဆေးရုံကြီး ဖြစ်မြောက်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့ပေးရန် ပြည်ထောင်စု အစိုးရအားတိုက်တွန်းကြောင်း အဆိုနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးရန် လွှတ်တော်က အတည်ပြုခဲ့သည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ယခင်လေဟာပြင်ဈေးနေရာ၌ ဆောက်လုပ်ခဲ့ရာ ၁၉၁၁ ခုနှစ်တွင် ပြီးစီးခဲ့ပြီး ကျပ်သိန်း ၄၀ ကျော် ကုန်ကျခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ပထမဆုံး တည်ဆောက်ပြီးစီးခဲ့သည့် အားဖြည့် ကွန်ကရစ်စနစ်ဖြင့် တည်ဆောက်ထားသည့် အဆောက်အအုံဖြစ်ကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် ကုတင် ၁၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးဖြစ်သော်လည်း လက်ရှိအသုံးပြုနေသည့် ကုတင် ၁၃၅၀ ရှိကြောင်း၊ ဆေးရုံကြီးတွင် အထူးပြုဘာသာရပ်ဆိုင်ရာဌာန ၂၅ ခု အရေးပေါ်လူနာလက် ခံဌာန ခုနစ်ခုရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment