Tuesday, December 4, 2012

အစ္စရေးနှင့် ရှစ်ရက်ကြာ ပဋိပက္ခအတွင်း ဂါဇာတွင် ဒေါ်လာတစ်ဘီလျံကျော် ပျက်စီးဆုံးရှုံး

ha-28-11-4
ဂါဇာကမ်းမြောင်ကို အစ္စရေးက ရှစ်ရက်ကြာ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် တိုက်ရိုက်နှင့် သွယ်ဝိုက်ဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဟားမားစ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက နိုဝင်ဘာလ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
အစ္စရေးလေကြောင်းမှ ဗုံးကြဲမှုများကြောင့် တိုက်ရိုက်ပျက်စီးဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၅၄၅ သန်းနှင့် သွယ်ဝိုက်ပျက်စီးဆုံးရှုံးမှုမှာ ဒေါ်လာသန်း ၇၀၀ အထိရှိကြောင်း ယင်းပြောခွင့်ရပုဂ္ဂိုလ် တာဟာအယ်လ်နူနူက ပြောကြားခဲ့သည်။ လေကြောင်း တိုက်ခိုက်မှုများအတွင်း
အိမ်အလုံး ၂၀၀ မှာ လုံးဝပျက်စီးခဲ့ပြီး အခြားအိမ် ၈၀၀၀ မှာ ထိခိုက်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
ဟားမားစ်အစိုးရဌာန အပါအ၀င် လူမနေသော အဆောက်အအုံ ၄၂ ခုလည်း လုံးဝပျက်စီးသွားခဲ့သည်ဟု နူနူက ပြောကြားခဲ့သည်။ ဗလီသုံးခု၊ ကျန်းမာရေးစင်တာ တစ်ခုလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။
လေကြောင်းထိုးစစ်အတွင်း ပစ်မှတ် ၁၅၀၀ ကျော်ကို ပစ်ခတ်ခဲ့သည်ဟု အစ္စရေးစစ်ဘက်က ထုတ်ပြန်ခဲ့ပြီး ညွှန်ကြားရေးစင်တာ ၁၉ ခု၊ လက်နက်ထုတ်လုပ်ရုံနှင့် သိုလှောင်ရုံ ၂၆ ခု၊ မြေအောက်ရှိ ရော့ကတ်လောင်ချာ ရာပေါင်းများစွာ၊ တာဝေးပစ်ရော့ကတ်လောင်ချာ ဒါဇင်များစွာတို့ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း အစ္စရေးက ထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာလ ၁၄ ရက်မှ ၂၁ ရက်အထိ တိုက်ခိုက်မှုများအတွင်း ပါလက်စတိုင်းဘက်တွင် လူ ၁၆၆ ဦး သေဆုံးခဲ့သည်ဟု ဟားမားစ်ထိန်းချုပ်သော ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ဂါဇာဘက်မှ ရော့ကတ်များဖြင့် ပစ်ခတ်မှုကြောင့် အစ္စရေးဘက်မှ လေးဦးသေဆုံးခဲ့သည်ဟု သိရသည်။   
Ref; AFP
Eleven Media Group

No comments:

Post a Comment