
မြန်မာတစ်နိုင်ငံလုံးတွင် ရုပ်ရှင်ရုံစုစုပေါင်း ၁၁၆ ရုံရှိသည့်အနက် အမှန်တကယ် ရုပ်ရှင်ပြသလျက်ရှိသည့် ရုပ်ရှင်ရုံအရေအတွက်မှာ ၄၉ ရုံသာရှိကာ ရုပ်ရှင်ရုံအချို့၏ ဝန်ဆောင်မှု အဆင့်အတန်းများမှာလည်း များစွာလိုအပ်ချက်များ ရှိနေသေးသည်ဟု မြန်မာအနုပညာရှင်များနှင့် ပြည်ပမှ အနုပညာရှင်များ ပူးပေါင်းဆွေးနွေးသည့် ရုပ်ရှင်လောက တိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ထည့်သွင်းပြောကြားသွားခဲ့သည်။
ယင်းသို့ ရုပ်ရှင်ရုံလိုအပ်ချက်များ ဖြစ်ပေါ်နေမှုမှာ ရုပ်ရှင်လောကသားများကိုယ်တိုင် ဖြေရှင်းရန် လွယ်ကူမည်မဟုတ်ဘဲ နိုင်ငံတော်အဆင့် ဖြေရှင်းရမည်ဖြစ်ကြောင်းကို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ရုပ်ရှင်လောကရဲ့ ကျဆင်းနေတဲ့ အခြေအနေကို
ဘက်ပေါင်းစုံက အဖြေရှာကြရမှာပါ။ အဲဒီထဲမှာ အဓိကတစ်ချက်အဖြစ် ပါဝင်နေတာက ရုပ်ရှင်ရုံနည်းပါးတဲ့ ပြဿနာပါ။ ရုပ်ရှင်ရုံနည်းပါးတဲ့အပြင် ဝင်ငွေအရ အားကိုးနိုင်တဲ့ ရုံအနေအထားကလည်း လက်ချိုးရေလို့ ရတယ်။ ဝင်ငွေအရ အားကိုးနိုင်တဲ့ရုံတွေကိုလည်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးတစ်ယောက်ကသာ ပိုင်ဆိုင်ထားတယ်။ ဒီအတွက် ဇာတ်ကားသစ်တစ်ကား သူ့ရုံမှာ ပြသနိုင်ဖို့ သူ့သဘောထားက အရေးကြီးတယ်ဆိုတာမျိုး ဖြစ်နေတယ်။ အခုချိန်မှာတော့ ရုပ်ရှင်ပြသမှု စနစ်တွေကို အဲဒီစီးပွားရေးလုပ်ငန်းရှင်ကပဲ ဝင်ရောက် စွက်ဖက်နိုင်တဲ့ အနေအထားတစ်ခု ဖြစ်နေပါတယ်။ ဒီတော့ ရုပ်ရှင်ရုံတွေမှာ ကိုယ့်အနုပညာဖန်တီးမှု ပြသဖို့ကတော့ လူတစ်ဦးတစ်ယောက်ရဲ့ ဆုံးဖြတ်ခွင့်အပေါ် မူတည်သလို ဖြစ်နေပါတယ်။ ဒီအခက်အခဲကို ဖြေရှင်းဖို့ဆိုတာ ရုပ်ရှင်ရုံအသစ်တွေ အများကြီးပေါ်ထွက်လာဖို့ လိုအပ်ပါတယ်” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောကြားခဲ့ပါသည်။
No comments:
Post a Comment