Wednesday, December 5, 2012

 ပြည်တွင်းမှ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်များ၊ နိုင်ငံတကာမှ ရုပ်ရှုင်ပညာရှင်များ ပါဝင်ခဲ့သည့် ရုပ်ရှင်အလုပ်ရုံ ဆွေးနွေးပွဲအား နှစ်ရက်တိုင် ပြုလုပ်

ha-5-12-8

ပြည်တွင်းမှ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်များ၊ နိုင်ငံတကာမှ ရုပ်ရှင်ပညာရှင်များ ပါဝင်ခဲ့ သည့် ရုပ်ရှင်လောက တိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ဒီဇင်ဘာလ ၁ ရက်နေ့နှင့် ၂ ရက်နေ့များတွင် ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၌ နှစ်ရက်တိုင် ပြုလုပ်ခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ပထမဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးဇင်ဝိုင်းက ရုပ်ရှင်လောက၏ လတ်တလောရင်ဆိုင်နေရသည့် အခြေအနေများ၊ ဈေးကွက်ကျဆင်းမှုများနှင့် လိုအပ်ချက်များကို ပြောကြားသွားခဲ့သည်။
ဆွေးနွေးပွဲအား စတင်ခဲ့ရာ ဦးဇာဂနာက
မြန်မာ့ရုပ်ရှင်လောက၏ သမိုင်းကြောင်းကို တင်ပြခဲ့ပြီးနောက် ဒေါ်ဆွေဇင်ထိုက်က မြန်မာ့ရုပ်ရှင်၏ ဈေးကွက်အနေအထားကို ဖတ်ကြားခဲ့သည်။ ထို့နောက် စတီဗင်ဂိုးဘလက်၏ ဗီဒီယိုကလစ်ကို ပြသခဲ့သည်။ ဆက်လက်၍ ဘောလိဝုဒ် ရုပ်ရှင်ပညာရှင်က ဘောလိဝုဒ် ရုပ်ရှင်လောကမှ လုပ်ထုံးလုပ်နည်းများကို တင်ပြခဲ့သည်။ ဆက်လက်၍ ဟောလိဝုဒ်တွင် မင်းသမီးအဖြစ် ရပ်တည်ရခြင်းအတွေ့အကြုံကို ဟောလိဝုဒ်မှ ရုပ်ရှင်ပညာရှင်တစ်ဦးက ဆက်လက်တင်ပြခဲ့သည်။ ထို့အပြင် သရုပ်ဆောင်ဖြစ်ရေးအတွက် ကိုယ်ပိုင်စွမ်းရည်များ ဖော်ထုတ်ခြင်းနှင့် ပတ်သက်၍ ပြင်သစ်မှ ရုပ်ရှင်ပညာရှင်က ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် အနုပညာရှင်များ သိလိုသည်များကို အပြန်အလှန် မေးမြန်းဖြေကြားခြင်း အစီအစဉ်အား ပြုလုပ်ခဲ့သည်။
ဒုတိယပိုင်း အစီအစဉ်တွင် ဟောလိဝုဒ်ရုပ်ရှင်များ၏ အချက်အချာ၊ မီဒီယာအကျိုးဆောင် အေဂျင်စီများ၏ အခန်းကဏ္ဍ၊ မှတ်တမ်းရုပ်ရှင်ကားများ၏ ဈေးကွက်အနေအထား၊ ကန်တားနား ရုပ်ရှင်လုပ်ငန်း၏ ရပ်တည်မှု အခန်းကဏ္ဍ၊ ထွန်းကားတိုးတက်လာသည့် ထုတ်လုပ်မှုများနှင့် ထုတ်လွှင့်ပြသမှု ပုံစံများ၊ ထိုင်းနိုင်ငံမှ ရုပ်ရှင်ရုံများ၏ အခြေအနေ၊ ဘန်ဂလောမှ ကာတွန်းရုပ်ရှင်လောက စသည့် ခေါင်းစဉ်အသီးသီးဖြင့် ဆွေးနွေးခဲ့ကြသည်။
ဒုတိယနေ့တွင် ရုပ်ရှင်လောက တိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာအနုပညာရှင်များဖြစ်သည့် ဒါရိုက်တာအကယ်ဒမီ ကြည်စိုးထွန်း၊ အကယ်ဒမီ မီးပွား၊ အကယ်ဒမီ စင်ရော်မောင်မောင်၊ မိုက်တီး၊ အကယ်ဒမီ ညွန့်မြန်မာညီညီအောင်၊ အကယ်ဒမီ မလိခစိုးထိုက်အောင်၊ မောင်သီ၊ မောင်မောင်ဦး (စနိုးဝှိုက်)၊ ဒါရိုက်တာဝိုင်း၊ ဇာတ်ညွှန်းအကယ်ဒမီခင် လေးသိမ့်၊ အကြည်တော်၊ သရုပ်ဆောင်အကယ်ဒမီ မင်းမော်ကွန်း၊ ကောင်းခန့်၊ ထုတ်လုပ်သူများ အပါအဝင် နယ်ပယ်အသီးသီးမှ အနုပညာရှင်၊ အတတ်ပညာရှင်များ တက်ရောက်ခဲ့ကြသည်။ ပါဝင်ဆွေးနွေးသူများအဖြစ် ဟောလိဝုဒ်၊ ဘောလိဝုဒ်၊ တောင်ကိုရီးယား စသည်တို့မှ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်ခဲ့သည်။
ရုပ်ရှင်အလုပ်ရုံ ဆွေးနွေးပွဲနှင့်ပတ်သက်၍ ဒါရိုက်တာ စင်ရော်မောင်မောင်က “နိုင်ငံတကာပညာရှင်တွေနဲ့ ဆွေးနွေးခွင့်ရတဲ့အတွက် မြန်မာရုပ်ရှင်လောကရဲ့ လိုအပ်နေတဲ့ အချက်အလက်တွေကို အသေးစိတ်ညှိနှိုင်းခွင့် ရတယ်၊ အနုပညာရှင်တွေ အများအပြား ပါဝင်ဆွေးနွေး လုပ်ဆောင်တာဖြစ်တဲ့အပြင် လက်တွေ့ကျကျလည်း လုပ်ဖြစ်သွားတယ်။ ဒါကကောင်းတဲ့ အချက်တွေပါပဲ။ တစ်ခုပါပဲ မြန်မာရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးပုံဖော်နေတဲ့ ပုံစံဆိုပြီးတော့ စာတမ်းတစ်ခုကို မြန်မာအနုပညာရှင်တစ်ယောက်က ဖတ်ကြားတင်ပြရာမှာ ရှုတင်ငှားတဲ့ အိမ်တစ်အိမ်မှာပဲ ပိတ်ပြီးရိုက်နေတဲ့၊ မင်းသားမင်းသမီးဖြစ်ချင်တာကို ဒါရိုက်တာက လိုက်လုပ်ရတဲ့ စုတ်ပြတ်သတ်နေတဲ့ ဇာတ်ကားတွေဆိုပြီး တင်ပြသွားပါတယ်။ အဲဒီလိုမျိုး နိုင်ငံတကာ ပညာရှင်တွေရှေ့မှာ ဝေဖန်တာမျိုး ကျွန်တော်တော့ လက်မခံပါဘူး။ အဲဒီလိုကားတွေထဲမှာလည်း ကျွန်တော်တို့ကားတွေ မပါပါဘူး။ ရိုက်တဲ့သူတွေ ရှိကောင်းရှိနိုင်ပေမယ့် အဲဒီလိုမရိုက်တဲ့သူတွေလည်း အများကြီးရှိပါတယ်” ဟု သူ၏အမြင်အား သုံးသပ်ခဲ့ပါသည်။
ဒါရိုက်တာ မိုက်တီးကလည်း “ဒီဆွေးနွေးပွဲက ရလဒ်တစ်ခုဆိုတာမျိုးတော့ ချက်ချင်းကြီး ထွက်လာနိုင်မှာ မဟုတ်သေးဘူး။ ဒါပေမယ့် ဒီခြေလှမ်းက တစ်ဆင့်နောက်ထပ် အလားအလာကောင်းတွေဖြစ်အောင်တော့ ဖန်တီးနိုင်မှာပါ” ဟု သူ၏အမြင်အား ပြောပြခဲ့ပါသည်။ ယခုကဲ့သို့ နိုင်ငံတကာ အနုပညာရှင်များနှင့် ပြည်တွင်းရှိ အနုပညာရှင်များ၏ ဆွေးနွေးပွဲကို ပထမဆုံးအကြိမ် ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment