
မန္တလေးတက္ကသိုလ် အ၀င်ဂိတ်အား ဒီဇင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်
၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် ဂုဏ်ထူးတန်း အထူးပြုဘာသာရပ်များဖြစ်သည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထ၀ီ၊ သမိုင်း၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ ကွန်ပျူတာ၊ စာကြည့်တိုက်နှင့် သုတပညာရပ်၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ နိုင်ငံတကာ ဆက်ဆံရေးပညာ၊ မနုဿဗေဒ၊ ရှေးဟောင်း သုတေသနပညာ၊ Biotechnology ဘာသာရပ်များကို ရန်ကုန်တက္ကသိုလ်တွင် ပြန်လည်ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ပြီး မန္တလေးတက္ကသိုလ်တွင်
ကွန်ပျူတာ၊ ကုန်ထုတ်ဓာတုဗေဒ၊ စာကြည့်တိုက်နှင့် သုတပညာ ဘာသာရပ်များ သင်ကြားရာတွင် မပါဝင်ကြောင်း သိရသည်။
ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာဌာနမှ တာဝန်ရှိသူတစ်ဦးက ''ဒီနှစ် ပညာသင်နှစ်က စပြီးတော့ ဂုဏ်ထူးတန်း ပထမနှစ် သင်တန်းတွေကို ပြန်ပြီးတော့ ဖွင့်လှစ်သင်ကြားသွားမှာပါ။ သင်ကြားပေးတဲ့အခါမှာလည်း အရင်တုန်းကရှိခဲ့တဲ့ ကျောင်းဆောင်တွေကိုပဲ ပြန်လည်ပြုပြင်ပြီး သင်ကြားပေးမှာပါ။ တက်ရောက်ခွင့် လျောက်ထားတဲ့ ကျောင်းသားအရေအတွက်ကို မူတည်ပြီး ၀င်ခွင့်ဖြေဆိုရမှာပါ'' ဟု ပြောပြသည်။ အဆိုပါ သင်တန်းအတွက် အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ (ပထမ) နှစ် ဂုဏ်ထူးတန်း ၀င်ခွင့်ရရှိသူများသည် သင်တန်းဝင်ခွင့် လျောက်လွှာများကို ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် ပထမနှစ် (ဂုဏ်ထူး တန်း) ၀င်ခွင့်ရရှိကြောင်း ထောက်ခံစာ၊ အမှတ်စာရင်းမူရင်းနှင့်အတူ လျောက်ထားနိုင်ပြီး မန္တလေးတက္ကသိုလ်တွင်လည်း အလားတူ လျောက်ထားနိုင်ကြောင်း သိရသည်။ ဂုဏ်ထူးတန်းသည် မဟာဝင်ခွင့် သင်တန်းအတွက် တက်ရောက်ရသော နှစ်နှစ် သင်တန်းဖြစ်ပြီး အဆိုပါ ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်ရှိ ဂုဏ်ထူးတန်းများကို ၁၉၉၆ ခုနှစ် ကျောင်းသားအရေးအခင်း ဖြစ်ပွားမှုအပြီးမှ စတင်၍ ဖွင့်လှစ်သင်ကြားခြင်း မရှိတော့ကြောင်း သိရသည်။
No comments:
Post a Comment