Wednesday, December 5, 2012

နိုဝင်ဘာလ ၂၇ ရက်နေ့မှစပြီး နမ္မတီး-တနိုင်းလမ်းတွင် အစိုးရတပ်များနှင့် ကေအိုင်အေအကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိ

thn-5-12-12-1
နှောင်းမှီလယ်ကွင်းတွင် ဒဏ်ရာရသော ကလေးငယ်တစ်ဦးအား မြစ်ကြီးနားဆေးရုံတွင် ဒီဇင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်
ကချင်ပြည်နယ်အတွင်း နမ္မတီး-တနိုင်းလမ်းတွင် နိုဝင်ဘာလ ၂၇ ရက်နေ့မှစ၍ ဒီဇင်ဘာလ ၃ ရက်နေ့အထိ တပ်မတော်နှင့် KIA အကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်းသိရပြီး ဒီဇင်ဘာလ ၃ ရက် နံနက်က ကြက်ဥတောင်အနီး နောင်းမှီလယ်ကွင်းတွင် စပါးရိတ်နေသော လယ်သမားမိသားစု အပစ်ခံရကာ ၁၂ နှစ် အရွယ် ကလေးငယ်တစ်ဦး ညာဘက် တံတောင်ဆစ်တွင် ကျည်ဆံထိမှန်ပြီး မြစ်ကြီးနားဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း သတင်းရရှိပါသည်။
''ကျွန်တော်တို့မိသားစု လယ်ထဲမှာ စပါးရိတ်နေတုန်း တပ်ရင်းကားတွေ အစီး ၄၀ လောက် တနိုင်းဘက်ကိုတက်သွားတာ တွေ့လိုက်ပါတယ်။ ခဏနေတော့ ရှေ့ဆုံးကကားတွေ အပစ်ခံရတယ်။ ကျွန်တော်တို့လည်း ၀ပ်နေရတယ်။ အမှန်ခံရတဲ့သားက ကုန်းမြင့်ကျတဲ့နေရာမှာဝပ်မိလို့ ညာဘက်တံတောင်ဆစ်ကို မှန်သွားတယ်။  စပါးရိတ်နေတာ
မြင်ရက်နဲ့ပစ်တာ။ အကုန်လုံးကို ရမ်းပစ်တာ'' ဟု ကိုယ်တွေ့ကြုံခဲ့သူ ဦးလှရွှေကပြောပါသည်။
ယင်းနေ့တွင်ပင် အဆိုပါတပ်ရင်းသည် ရှဒူးဇွတ်ကျေးရွာအ၀င်တွင် ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ရှဒူးဇွတ်ရွာထဲရောက်သည်အထိ ပစ်ခတ်မှုကြောင့် ပထမတန်းကျောင်းသားတစ်ဦး ပေါင်ရင်းတွင် ကျည်ဆံထိမှန်ပြီး အသက် ၄၈ နှစ်အရွယ် ဒေါ်ထွေး ကြည်မှာလည်း ပေါင်ရင်းတွင်ပင် ကျည်မှန်ခံရသည်ဟု သိရသည်။
ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေကြား ပစ်ခတ်မှုများ ရပ်တန့်သွားခြင်းမရှိဘဲ ကုန်သွယ်မှု အဓိကလမ်းကြောင်းများပေါ်တွင် ပစ်ခတ်နေကြသော ကြောင့် ပို့ဆောင်ရေးလုပ်ငန်းရှင်များ၊ ကုန်သွယ်ရေးလုပ်ငန်း လုပ်ကိုင်သူများ၊ ခရီးသွားပြည်သူများမှာ လမ်းခရီး၌ မကြာခဏ ထိခိုက်ဒဏ်ရာရရှိခြင်း၊ ခရီးကြန့်ကြာခြင်း၊ ကုန်ပစ္စည်းများ ပုပ်သိုးပျက်စီးခြင်း၊ ပျောက်ဆုံးခြင်း၊ လမ်းတွင်ညအိပ်ရသောကြောင့် အမျိုးသမီးများအတွက်လုံခြုံမှုမရှိခြင်း၊  ဘက်စုံစီးပွားရေးကျဆင်းခြင်းတို့ကို  တွေ့ကြုံနေကြရသည်။
''၂၇ ရက် ညနေပိုင်းက ဒွန်ဘုန်းခနားမှာ ပစ်ကြတာ တော်တော်ကြာတယ်။ မှန်လုံတွေ၊ ဗင်ကားတွေ ကုန်ကားတွေ အကုန်လုံးလမ်းကြောမှာပဲ အိပ်ရတယ်။ ဒီဇင်ဘာ ၂ ရက်နေ့ကလည်း  ညနေ၂ နာရီလောက် ကဒွန်ဘုံးခနားမှာပဲ ပစ်ကြတယ်။ ပစ်တာခတ်တာက နေ့တိုင်းနီးပါးဖြစ်နေကြတာပဲ။ ဒဏ်ရာရသူတွေကို ကြုံရာကားနဲ့ တင်ကြတယ်။ ကျွန်တော်တို့ ပို့ဆောင်ရေးလုပ်ငန်းရှင်တွေလည်း ထမင်းငတ်မခံနိုင်တော့ အသက်စွန့်ပြီး စီးပွားရှာရတာပဲ''ဟု ယာဉ်မောင်းတစ်ဦးက ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment